အာဏာပိုင်များက ရိက္ခာများကို ဖြတ်စားသဖြင့် ဘူးသီးတောင်ထောင်ထဲရှိ ထောင်သားများ အာဟာရ မပြည့်ဝ ဖြစ်နေ

အာဏာပိုင်များက ရိက္ခာများကို ဖြတ်စားသဖြင့် ဘူးသီးတောင်ထောင်ထဲရှိ ထောင်သားများ အာဟာရ မပြည့်ဝ ဖြစ်နေ
ရခိုင်ပြည်နယ် ဘူးသီးတောင် ထောင်ထဲရှိ ထောင်သားများအတွက် ရိက္ခာကို ထောင််အာဏာပိုင်များက ဖြတ်စားပြီး အပြည့်အဝ မကျွေးသဖြင့် ထောင်သားများမှာ အဟာရ ချို့တဲ့မူနှင့် ရင်ဆိုင်နေကြရ ...

ရခိုင်ပြည်နယ် ဘူးသီးတောင် ထောင်ထဲရှိ ထောင်သားများအတွက် ရိက္ခာကို ထောင််အာဏာပိုင်များက ဖြတ်စားပြီး အပြည့်အဝ မကျွေးသဖြင့် ထောင်သားများမှာ အဟာရ ချို့တဲ့မူနှင့် ရင်ဆိုင်နေကြရသည်ဟု ထောင်ထဲက လွှတ်မြှောက်လာသူ တဦးက ပြောသည်။

Buthidaung prison“အရင်က ထောင်သား တဦးကို တပတ်မှာ အမဲသား ၅ ကျပ်သားစီ နှစ်ကြိမ် ကျွေးပါတယ်။ ခုတော့ ၅ ကျပ်သား ကျွေးရာကနေ ၂ ကျပ်သားဘဲ ကျွေးတော့တဲ့အတွက် ထောင်သား အများစုဟာ အဟာရ ချို့တဲ့မူနဲ့ ရင်ဆိုင်ကြံုတွေ့လာကြရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ အမဲသား ၅ ကျပ်သား ကျွေးရာကနေ ၂ ကျပ်သားထိ လျော့ချ ကျွေးလာခြင်းမှာ ထောင်အာဏာပိုင်များ အသစ်ရောက်ရှိလာသည့် အချိန်မှ စတင်ခဲ့သည်ဟု သူက ပြောသည်။

“အရင် ထောင်ပိုင် စိန်ထွန်းတို့၊ ထောင်မှူး တင်ရွှေ လက်ထက်တွေမှာတော့ အစိုးရက သတ်မှတ်ပေးထားတဲ့ အတိုင်း တပတ်မှာ နှစ်ကြိမ်၊ တကြိမ်မှာ ထောင်သား တဦးကို အမဲသား ၅ ကျပ်သားစီ ကျွေးပါတယ်။ အခုအသစ်ရောက်လာတဲ့ ထောင်ပိုင် တင့်ဆွေ၊ ထောင်မှူး နေသူရထိုက် တို့က အမဲသား ၅ ကျပ်သား မကျွေးတော့ဘဲ ၂ ကျပ်သားဘဲ ကျွေးပါတော့တယ်။ ဒါကြောင့် ထောင်သားတွေ အဟာရ ချို့တဲ့ လာရတာ ဖြစ်ပါတယ်။”

ယခုကဲ့သို့ အမဲသား ၅ ကျပ်သားမှ ၂ ကျပ်သားထိ လျှော့ချ ကျွေးခြင်းမှာ အစိုးရမှ သတ်မှတ်ထားသော စည်းကမ်းကို ချိုးဖေါက်ခြင်း ဖြစ်ပြီး ထောင်အာဏာပိုင်များ အနေဖြင့် ကိုယ်ကျိုးအတွက် အဆိုပါ ရိက္ခာငွေများမှ ပိုလျှံသောငွေများကို အသုံးပြုလို၍ ဖြစ်သည်ဟု ဆိုသည်။

“ ခုလို အဟာရ ပြည့်ဝအောင် မကျွေးတဲ့ အပြင် တဘက်မှာလည်း ထောင်သားတွေကို အလုပ်ကြမ်းစေခိုင်းတာတို့ ဘူးသီးတောင် ထောင်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်နေပါတယ်။ ခုလို အလုပ်ကြမ်းစေခိုင်းတာကလည်း ထောင်အာဏာပိုင်တွေက်ို အကြီးအကျယ် ၀င်ငွေ ရစေတဲ့ အတွက် ထောင်သားတိုင်းကို အလုပ်ကြမ်း စေခိုင်းနေတာ ဖြစ်ပါတယ်။”

အလုပ်ကြမ်း မလုပ်လိုသူ ထောင်သားများ အနေဖြင့် ထောင်အာဏာပိုင်များကို တနှစ်အတွက် ကျပ်ငွေ နှစ်သောင်းမှ တသိန်းထိ ပေးကြရသည်ဟု သူက ပြောသည်။

“ အလုပ်ကြမ်း မလုပ်ချင်ရင် ထောင်ထဲမှာ အာဏာရှိတဲ့ ထောင်မှူး နေသူရထိုက်နဲ့ ဒုတပ်ကြပ် သိန်းဝင်းကို ပိုက်ဆံ သိန်းချီပြီးပေးရပါတယ်။ မပေးရင် နေ့တိုင်း တနေ့မှ မလွှတ်ဘဲ ထောင်ပြင်မှာ သွားပြီး အလုပ်ကြမ်း လုပ်ရပါတယ်။ မိသားစု ပိုက်ဆံရှိတဲ့ ထောင်သားတွေကတော့ အပြင်မှာ အလုပ် မလုပ်လိုတဲ့ အတွက် ထောင်အာဏာပိုင်တွေကို ပိုက်ဆံ ပေးကြပါတယ်။ ပိုက်ဆံ မပေးနိုင်ရင်တော့ တနေ့ကုန် အပြင်သွားပြီး အလုပ်ကြမ်း စေခိုင်းခံရပါတယ်။”

၎င်းပြင် မီလာ မသယ်လိုသူ ထောင်သားများ အနေဖြင့် ထောင်အာဏာပိုင်များကို တနှစ်ကို ကျပ်ငွေ ၃၀၀၀၀ မှ ၅၀၀၀၀ အထိ ပေးကြရပြီး အဆိုပါ ထောင်သားများထံမှ ခေါင်းပုံဖြတ် ရရှိသောငွေကို ထောင်ပိုင် တင့်ဆွေ၊ ထောင်မှူးကြီး ကြည်ဦး၊ ထောင်မှူးနေသူရထိုက်နှင့် စစ်တပ်မှ ပြောင်းရွှေ့လာသူ ဒု တပ်ကြပ် သိန်းဝင်းတို့မှ ခွဲဝေယူကြသည်ဟု သိရသည်။

Most read this week