ဆိုင်ကယ်လိုင်စင် လုပ်ပေးသည့် သတင်းကြောင့် ဆိုင်ကယ်စျေး အဆမတန်တက်နေ

ဆိုင်ကယ်လိုင်စင် လုပ်ပေးသည့် သတင်းကြောင့် ဆိုင်ကယ်စျေး အဆမတန်တက်နေ
ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့၌ ဆိုင်ကယ်လိုင်စင် အသစ်များ ပြုလုပ်ပေးနေသည့် အတွက် ဆိုင်ကယ်စျေးများ အဆမတန် တက်နေသည်။ ထိုင်းနိုင်ငံမှ တရားမဝင် ၀င်ရောက်လာသည့် ဆိုင်ကယ်များအား ...

ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့၌ ဆိုင်ကယ်လိုင်စင် အသစ်များ ပြုလုပ်ပေးနေသည့် အတွက် ဆိုင်ကယ်စျေးများ အဆမတန် တက်နေသည်။

ထိုင်းနိုင်ငံမှ တရားမဝင် ၀င်ရောက်လာသည့် ဆိုင်ကယ်များအား မြန်မာတနိုင်ငံလုံး သွား၍ရသည့် လိုင်စင်အသစ်များ ပြုလုပ်ပေးသည့် သတင်းကြောင့် ဆိုင်ကယ်စျေးနှုုန်းများ အဆမတန် တက်သွားသည်ဟု တာချီလိတ်မြို့ခံတစ်ဦး က ယခုလိုပြောသည်။

“အခုဆိုရင် ဆိုင်ကယ်စျေးတောင် တော်တော်တက်ကုန်ပြီ။ ဒီလိုင်စင် လုပ်ပေးနေတယ် လည်းကြားရောလေ။  အရင်က (ထိုင်းဘတ်)လေးသောင်းနှစ်ထောင် တန်တဲ့ဟာ အခုက တာချီလိတ် ရောက်ရင် ငါး သောင်းနဲ့ သုံးထောင်လောက်ဖြစ်သွားတယ်။ အဲဒါ Dream 125 ပေ့ါ။ အခုနောက်ဆုံးထွက်တဲ့ဟာ။”

လွန်ခဲ့သည့် နှစ်လခန့်က Dream 125 တစ်စီးလျှင် ထိုင်းဘတ်ငွေ လေးသောင်းနီးပါး ရှိရာမှ  ယခုရက်ပိုင်း အတွင်း ဆိုင်ကယ်စျေး အဆမတန်တက်လာသည်ဟု အခြား မြို့ခံတစ်ဦးက လည်း ယခုလို ပြောသည်။

“အခုလက်ရှိဆိုရင် ဟိုတနေ့က လေးဆယ့်ရှစ်လို့ပြောတယ်။ အခုဆိုရင်(ထိုင်းဘတ်) ငါးသောင်းကျော် ရောပေ့ါ။ တရက်ချင်းကို စျေးပြန်တက်သွားသေးတယ်။”

ယင်းလိုင်စင်အသစ်အား တာချီလိတ်မြို့နယ် ကညန ရုံးတွင် ယမန်နေ့ကစတင်၍ပြုလုပ်ပေးခဲ့ပြီး အခွန်ငွေမြှင့်မား လွန်းသည့်အတွက် လိုင်စင်လုပ်သူနည်းပါးသည်ဟု ၎င်းက ဆက်ပြောသည်။

“တချို့လည်းတွက်ပြီးတော့မှ မဆောင်ဘူးပေ့ါနော်။ ဆိုင်ကယ်စျေးနဲ့ ဆောင်ရတာနဲ့ အတူတူလိုဖြစ် နေတယ်။ ကျနော်တို့ဆိုလည်း အခုဆောင်မယ်လို့စိတ်ကူးလိုက်မှပဲ ဒီလောက် ကြီးများနေတဲ့ အခါကျ တော့ လက်ရှိစီးနေတဲ့ မော်ဒယ်လောက်ကိုပဲ ပြန်ဝယ်စီးတော့မယ်လို့ ဆုံးဖြတ်ထားတယ်။”

ဆိုင်ကယ် မော်ဒယ်အမျိုးအစားအလိုက် အခွန်နှုန်းထားများနှင့်ပတ်သက်၍ “Dream 125 မော်ဒယ် အမြင့် ဆိုလို့ရှိရင် (မြန်မာကျပ်ငွေ)၆သိန်း ကျော်လောက်ကျတယ်။ အပြီးအစီးပေ့ါဗျ။ အမြတ်တော်ခွန်လည်း ပါမယ်။ ကညန သွင်းကြေးရောဘာတွေရော အကုန်လုံး အပြီး အစီးဗျ။ နောက်ပြီး  110 ဆိုလို့ရှိရင် သူက ၅ သိန်းကျော်လောက်ကျမယ်။ အဲတာက မော်ဒယ်အမြင့် ပေ့ါနော်။ ရိုးရိုး 100 တို့ဘာတို့ဆိုရင် လေးသိန်းကျော်လောက် ကျတယ်။” ဟုဆက် ပြောသည်။

ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့၌ လောလောဆယ်မြန်မာကျပ်ငွေ တစ်သိန်းလျှင် ထိုင်းဘတ် သုံးထောင့်ငါးရာ နှုုန်း ပေါက်စျေးရှိသည်။

အလားတူယမန်နေ့က မြန်မာနိုင်ငံတောင်ဖက်စွန်းဒေသဖြစ်သည့် တနင်္သာရီတိုင်း ကော့သောင်းမြို့၌လည်း ယင်း လိုင်စင်အသစ်များကို ပြုလုပ်ပေးခဲ့ပြီး ယမန်နေ့က တာချီလိတ်မြို့၌ အဆိုပါလိုင်စင်အသစ် ပြုလုပ်ခဲ့သည့် ဆိုင် ကယ် အစီး ၄၀ ခန့် ပြီးစီးခဲ့သည်ဟု သတင်းရရှိသည်။

ယခုပြုလုပ်ပေးသည့် လိုင်စင်အသစ်မှာ ၁၇/ယ လိုင်စင်နာမည်ဖြင့် တနိုင်ငံလုံးသို့ သွားလာခွင့်ရှိပြီး ယမန်နေ့မှ စ၍ ၂၀၁၀ ခုနှစ် ဇန္နဝါရီလ ၃၁ ရက်နေ့အထိ ပြုလုပ်ပေးသွားမည်ဖြစ်သည်။

Most read this week