ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား အခမဲ့ ဆေးကုသပေး

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား အခမဲ့ ဆေးကုသပေး
by -
ဇော်ကြီး
နိုင်ငံပေါင်း (၅) နိုင်ငံပါ၀င်သည့် ခရစ်ယာန် ဘာသာရေးအသင်းတစ်ခုက ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အား ယမန်နေ့နှင့်ယနေ့ နှစ်ရက် အခမဲ့ ဆေးကုသပေးနေ ...

နိုင်ငံပေါင်း (၅) နိုင်ငံပါ၀င်သည့် ခရစ်ယာန် ဘာသာရေးအသင်းတစ်ခုက ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အား ယမန်နေ့နှင့်ယနေ့ နှစ်ရက် အခမဲ့ ဆေးကုသပေးနေသည်။

Hands in mission ဟုခေါ်သည့် အဆိုပါအဖွဲ့အား ကနေဒါ၊ သြစတေးလျ တောင်ကိုးရီးယား၊ အမေရိကန်နှင့် မြန်မာနိုင်ငံမှ ဆရာဝန်များဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား နယ်လှည့်၍ ဆေးကုသပေးခြင်းဖြစ်သည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများအား အခြေခံကျန်းမာရေး စစ်ဆေးကုသပေးသည့် အပြင် သွားရောဂါ၊ မျက်စိ နှင့်ပတ်သက်သည့် ရောဂါများလည်း စစ်ဆေးပေးပြီး နာတာရှည် ရောဂါရှိသူများကိုလည်း ကုသပေးသည်ဟု ထို အဖွဲ့အားကူညီပေးနေသူ ဓမ္မဆရာ တစ်ဦးက ပြောသည်။

ထိုအဖွဲ့မှ ဆေးကုသပေးယုံသာမက ရောဂါစစ်ဆေးခံလာကြသည့် ကလေးငယ်များအပါအဝင် မိဘများနှင့် လိုက် ပါလာသည့် ကလေးငယ်များ စိတ်ပျော်ရွှင်မှုရစေရန် အစီအစဉ်များ လုပ်ဆောင်ပေးထားသည်ဟု ဆေးကုခံခဲ့သူ တစ်ဦးက ယခုလိုပြောသည်။

“ကလေးတွေအတွက် ပူဖေါင်းလေးတွေဘာလေးတွေ အရုပ်ပုံစံတွေလုပ်ပေးပြီးတော့ လက်ဆောင်ပေး တယ်လေ။ ပြီးတော့ သီချင်းတွေဆိုပြတယ်။ ဓမ္မတေး ကလေးသီချင်းလေးတွေပေ့ါ။”

ယင်းအစီအစဉ်ကို နံနက် ၉နာရီမှ ညနေ ၄နာရီအချိန်အတွင်း ပြုလုပ်ပေးမည် ဖြစ်ပြီး သွားလာရေး အခက်ခဲ မဖြစ်စေရန် ချင်းမိုင်မြို့ ခရစ်ယာန်အသင်းအဖွဲ့များမှ တာဝန်ယူ၍ အကြိုအပို့ပြုလုပ်ပေးသည်။

ကျန်းမာရေးစစ်ဆေးရန်ရောက်လာသည့် အမျိုးသမီး တစ်ဦးကလည်း အခုလို အခမဲ့ ကျန်းမာရေးစစ်ဆေးပေး သည့်အတွက် ကျေနပ်မှုရသည့်အပြင် အခြားသူများလည်း ကျေနပ်မှုရကြမည်ဟု မြင်ကြောင်း ယခုလိုပြောသည်။

“သူတို့ကိုကြည့်ရတာလည်း စိတ်ကျေနပ်မယ့်ပုံပဲလေ။ ဘယ်လိုပြောမလဲ လာကုပေးတဲ့ ဆရာဝန်တွေ ကလည်း ဖော်ဖော်ရွေရွေ ရှိတယ်။ ကောင်းကောင်းမွန်မွန်ပဲဆိုတော့ သူတို့တွေလည်း စိတ်ကျေနပ်ကြ မှာပါ။”

ယင်းအဖွဲ့အား လွန်ခဲ့သည့် ၅ နှစ်ခန့်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေး မကောင်းသူများအား ဆေးဝါး ကုသပေးခြင်းနှင့် ဆုတောင်းမေတ္တာပို့သခြင်းလုပ်ငန်းများကို ပြုလုပ်ကြသည်။

အဆိုပါ ဆေးကုသခြင်းလုပ်ငန်းအား ချင်းမိုင်မြို့ ဆန်ကဖိုင်ရပ်ကွက်ရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင် ပြုလုပ် ပေးခြင်းဖြစ်ပြီး ချင်းမိုင်မြို့သို့မလာမီ ထိုင်းမြန်မာနယ်စပ် မယ်ဆိုင်မြို့တွင် အလားတူကုသမှုမျိုး နှစ်ရက်ပြုလုပ် ခဲ့ပြီး မြဝတီမဲဆောက်မြို့တွင်လည်း သွားရောက်ကုသမည်ဖြစ်သည်။

Most read this week