ပစ်ခတ် ဖမ်းဆီးမူများကြောင့် တောဆင်ရိုင်းများ မြန်မာဘက်၌ ကျက်စားမူ လျော့နည်းလာ

ပစ်ခတ် ဖမ်းဆီးမူများကြောင့် တောဆင်ရိုင်းများ မြန်မာဘက်၌ ကျက်စားမူ လျော့နည်းလာ
by -
မင်းအောင်
ဆင်လိုက်မုဆိုးများနှင့် ဒေသခံ စစ်တပ်များ၏ ပစ်ခတ် ဖမ်းဆီးမူများကြောင့် ရခိုင် တောတောင်များထဲတွင် ကျက်စားနေသော တောဆင်ရိုင်း အရေအတွက်မှာ တဖြည်းဖြည်း လျော့နည်းလာနေ ...

ဆင်လိုက်မုဆိုးများနှင့် ဒေသခံ စစ်တပ်များ၏ ပစ်ခတ် ဖမ်းဆီးမူများကြောင့် ရခိုင် တောတောင်များထဲတွင် ကျက်စားနေသော တောဆင်ရိုင်း အရေအတွက်မှာ တဖြည်းဖြည်း လျော့နည်းလာနေကြောင်း ဒေသခံ တဦးက ပြောသည်။

“ဟုတ်ပါတယ်။ အရင်ကတော့ ဒီရခိုင် အနောက်ဘက် နယ်စပ်တလျောက်မှာ ဆင်တွေက အထူးပေါများပါတယ်။ တအုပ်စုကို ဆယ်ကောင်ကနေ တဆယ့်ငါးကောင်ထိ် အုပ်စုလိုက် သွားလာနေတာတွေ ရှိပါတယ်။ အခုအခါ ဆင်တွေကို အုပ်စုလိုက် မတွေ့ရတာ ကြာပါပြီ။ လက်ရှိ သတင်းတွေ အရ ပြောရရင် ဆင်လိုက် မုဆိုးတွေက ဆင်စွယ်အတွက် ဆင်တွေကို လိုက်သတ်နေတဲ့ အတွက် ဆင်တွေဟာ တဘက်နိုင်ငံဘက်ကို ဝင်ရောက်သွားလို့ ဖြစ်တယ်လို့ သိရပါတယ်။”

ရခိုင်ပြည်နယ် မေယုတောင်တန်းမှာ ဘင်္ဂလာပင်လယ်အော်နှင့် နီးစပ်ပြီး လေကောင်းလေသန့်များ ရရှိသဖြင့် တောဆင်ရိုင်းများ အထူးကျက်စားရာ ဒေသတခု ဖြစ်သည်။

တောလိုက်မုဆိုးများမှ ဆင်များကို လိုက်လံ သတ်ဖြတ်မူများ ရှိသလို ဒေသဆိုင်ရာ စစ်အာဏာပိုင်များမှဆင်များကို လိုက်လံ ဖမ်းဆီးမူများရှိနေကြောင်း ဘူးသီးတောင်မြိုခံ တဦးကပြောသည်။

“ ဘူးသီးတောင်မှာ ဆင်ဖမ်းအဖွဲ့တွေ ရှိပါတယ်။ ဆင်တွေကို ဖမ်းဆီးပြီး ထိန်းသိမ်း လေ့ကျင့်ပေးတာတို့ လုပ်ပြီးရင် ဗမာပြည်ကို ပို့ပါတယ်။ လွန်ခဲ့တဲ့ တပတ်ကလည်း မောင်တောမြို့နယ် တောင်ပိုင်း ကိုးတန်ကောက်ကျေးရွာအနီးမှာ အစွယ်ရှင် ဆင်ထီး တကောင်ကို ဘူးသီးတောင် ဗျူဟာမှုးကိုတိုင် ဦးစီးပီး ဖမ်းဆီးခဲ့ပါတယ်။ အဲဒီ ဆင်ကို ဆင်ထိမ်းသိမ်းရေးစခန်း တာဝန်ခံ ဆင်ဆရာ ဦးစံလင်းဦးဆောင်ပြီး ဘူးသီးတောင်ကို ယူဆောင်လာတာကို တွေ့ရပါတယ်” ဟု ပြောသည်။

၎င်းပြင် ဒေသခံ စစ်တပ် တပ်ရင်းများ အနေဖြင့် ဆင်လိုက်မုဆိုးများနှင့် ပူးပေါင်းပြီး ဆင်စွယ််များလိုက်ရှာနေသဖြင့် အစွယ်ရှင် ဆင်များ မကြာခဏ သေဆုံးမူများ ရှိနေကြောင်း ဘူးသီးတောင်မြို့နယ် တောင်မော်ရွာမှ ဒိုင်းနက် အမျိုးသား တဦးက ယခုကဲ့သို့ပြောသည်။

“ စစ်တပ်တပ်ရင်းတွေက တပ်ကြပ်ကြီး တဦးနဲ့ စစ်သား နှစ်ဦး အပါအဝင် အဖွဲ့ တဖွဲ့မှာ သုံးဦးလောက် ပါဝင်ပါတယ်။ အဲသလို ပုံစံမျိုးနဲ့ အမဲလိုက်ထွက်သလိုလို လုပ်ပြီး ဆင်စွယ်ရှာ မုဆိုးတွေနဲ့ပေါင်းပြီး အစွယ်ရှိတဲ့ ဆင်တွေကို လိုက်လံ ပစ်ခတ် သတ်ဖြတ်ပါတယ်။ ကျနော်တို့ နေထိုင်ရာ ဒေသမှာရှိတဲ့ စစ်တပ် ကင်းစခန်းတွေမှာ ဆင်သားခြောက်နဲ့ ဆင်စွယ် မရှိတဲ့ စခန်းဆိုတာ မရှိသလောက် ဖြစ်ပါတယ်။”

ယခုကဲ့သို့ တောဆင်ရိုင်းများကို မြန်မာဘက်တွင် ပစ်ခတ်သတ်ဖြတ်မူနှင့် ဖမ်းဆီးမူများ ရှိနေသဖြင့် ဘင်္ဂလာဒေချ့် နိုင်ငံ စစ်တကောင်း ဒေသတွင် ဆင်များ ဝင်ရောက်နေထိုင်မူမှာ အထူးတိုးပွားလာနေသည်ဟု နယ်စပ်တွင် တည်ရှိသော လင်ရှာကိုင်းသက်ရွာမှ ဦးအောင်ကြာဖြူမှ ယခုကဲ့သို့ ပြောသည်။

“ ရခိုင်ဘက်က ဆင်ရိုင်းတွေ ဘင်္ဂလာဒေချ့်ဘက်ကို ဝင်ရောက်လာတာ အထူး တိုးပွားလာပါတယ်။ ခုလို တိုးပွားလာတဲ့ အတွက် ဆင်ရိုင်းတွေက လူတွေကို တိုက်ခိုက်မူတို့၊ စပါးခင်းတွေ သီးနှံခင်းတွေကို ဝင်ရောက် ဖျက်ဆီးမူတို့ အထူး တိုးပွားလာတာကို တွေ့ရ ပါတယ်။ ဆင်တွေ ဘယ်အတိုင်းအတာထိ တိုးပွား လာနေသလဲဆိုတော့ ဆင်အုပ်တွေဟာ ညဉ့်ဘက်တွေမှာ မဟုတ်တော့ဘဲ နေ့ခင်းဘက်မှာတောင် ရွာတွေထဲကို ဝင်လာတာတို့၊ စပါးခင်းတွေကို ဝင်ရောက် စားသောက်တာကို လုပ်လာပါတယ်။ ခုလို ရခိုင်ဘက်က ဆင်တွေ ဘင်္ဂလာ စစ်တကောင်း တောင်တန်းနယ်ဘက်က်ို ဝင်ရောက်လာတာကတော့ ရခိုင်ဘက်မှာ ဆင်စွယ်ရှာနေတဲ့ မုဆိုးတွေက ဒေသခံ စစ်တပ်တွေနဲ့ ပေါင်းပြီး တောဆင်ရိုင်းတွေကို လိုက်သတ်နေတဲ့ အတွက် ဖြစ်ပါတယ်” ဟု ပြောသည်။

ဘင်္ဂလာဒေချ့်နိုင်ငံတွင် တောဆင်ရိုင်းများ တိုက်ခိုက်မူကြောင့် လူများ သေဆုံးရမူ မကြာခဏ ရှိနေသော်လည်း ဆင်များကို သတ်ဖြတ် ဖမ်းဆီးမူကို ဥပဒေအရ တင်းတင်းကျပ်ကျပ် ပိတ်ပင် တားမြစ်ထားသည်။

Most read this week