ခရီးသည်တင်သင်္ဘောအား မိမိတို့ ပစ်ခတ်ခြင်း မဟုတ်ဟု ကေအဲန်ယူ ငြင်းဆို

ခရီးသည်တင်သင်္ဘောအား မိမိတို့ ပစ်ခတ်ခြင်း မဟုတ်ဟု ကေအဲန်ယူ ငြင်းဆို
by -
ဇော်ကြီး
ကရင်ပြည်နယ် ဖားအံမှ ရွှေဂွန်းသို့သွားသည့် ခရီးသည်တင်သင်္ဘောတစီးအား ကရင် သောင်းကျန်းသူ (ကေအဲန် ယူ)မှ ပစ်ခတ်တိုက်ခိုက် ခဲ့သည်ဟု စစ်အစိုးရ စွပ်စွဲသည့်အပေါ် ကေအဲန်ယူမှ ငြင်းဆို ...

ကရင်ပြည်နယ် ဖားအံမှ ရွှေဂွန်းသို့သွားသည့် ခရီးသည်တင်သင်္ဘောတစီးအား ကရင် သောင်းကျန်းသူ (ကေအဲန် ယူ)မှ ပစ်ခတ်တိုက်ခိုက် ခဲ့သည်ဟု စစ်အစိုးရ စွပ်စွဲသည့်အပေါ် ကေအဲန်ယူမှ ငြင်းဆိုလိုက်သည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ စောဥမ္မာ ခရီးသည်တင်သဘောင်္အား ကေအဲန်ယူတပ်ဖွဲ့ အင်အား ၂၀ ခန့်က ယခုလ ၁၀ ရက်နံနက်တွင် လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု မြန်မာ့အလင်းသတင်းစာ၌ ဖော် ပြပါရှိမှုအပေါ် မိမိတို့အဖွဲ့မှ ပစ်ခတ်ခြင်း မဟုတ်ကြောင်း ကေအဲန်ယူ တပ်မဟာ(၇)၊ တပ်ရင်း(၁၀၁) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး စောဖောဒိုက ယခုလို ပြောသည်။

“အဲတာ မဟုတ်ဖူး။ မဟုတ်တဲ့ဟာကို မဟုတ်ဖူးလို့ပဲပြောတယ်။ ဟုတ်တဲ့ဟာကို ဟုတ်တယ်လို့ပဲ ပြော တတ်တယ်။ နအဖအနေနဲ့ သူ့ရန်သူဆိုတာ ကေအဲန်ယူတစ်ခုထဲရှိတာ မဟုတ်ဖူး ဆိုတာတော့ သိဖို့လို တယ်။ အဲတာကိုတော့ သိဖို့သင့်တယ်လို့ပြောချင်တယ်။”

ထို့အပြင် သင်္ဘောပစ်ခတ်ခံရသည့်နေ့နံနက်က သထုံမြို့၌ ဒီကေဘီအေမှ ကုန်ပစ္စည်း တင်လာသည့် ကား ၁၀ စီး အား မြန်မာစစ်အစိုးရတပ်မှ ဖမ်းဆီးလိုက်သည့်အပေါ် နှစ်ဖက်တပ်များကြား အခြေအတင်ဖြစ်ပွားခဲ့သည်ဟု သ တင်းရရှိကြောင်း ၎င်းကဆက် ပြောသည်။

ယင်းကိစ္စသည် ကေအဲန်ယူမှပစ်ခတ်ခြင်း မဟုတ်နိုင်ကြောင်း ကေအဲန်ယူ ဗဟိုဌာနချုပ်မှ ဗဟိုကော်မတီဝင် တဦး ကလည်း ယခုလိုငြင်းဆိုခဲ့သည်။

“ဒီသင်္ဘောကို ကျနော်တို့ဖက်ကပစ်တာလို့သူတို့(စစ်အစိုးရဖက်)ကပြောတယ်။ အမှန်တကယ် ကျနော် တို့ ရှေ့တန်းကလူတွေကို ဆက်သွယ်ပြီးမေးကြည့်တော့ သူတို့ပစ်တာ မဟုတ်ဖူးလို့ပြောတယ်။ တကယ် ပစ်တယ်ဆိုရင် တခြားလူကိုမပြောရင်တောင်မှ သူတို့ ရဲဘော်တွေ အချင်းချင်းလောက်တော့ ပြန်ပြော ကြတယ်လေ။”

ကေအဲန်ယူအနေနှင့် လွန်ခဲ့သည့်(၁၀)နှစ်ခန့်က မိုးတွင်းကာလ ရေတက်ချိန်များ၌ စစ်အစိုးရပိုင် စစ်ရေယာဉ်များ အား ပစ်ခတ်တိုက်ခိုက်မှုများ ရှိခဲ့သော်လည်း အရပ်ဖက် သင်္ဘောများအား မည်သည့်အခါမှ ပစ်ခတ်ခဲ့ခြင်းမရှိဟု ဆက်ပြောသည်။

ယခုလို ဆောင်းတွင်းပိုင်းခြောက်သွေ့ရာသီဖြစ်သည့် ရေကျချိန်၌ ထိုကဲ့သို့ပစ်ခတ်ပါက ၎င်းတို့အတွက် အန္တရာယ် များကြောင်း ၎င်းကဆက်ပြောသည်။

“စဉ်းစားစရာက အခုကဒီရာသီက မိုးတွင်းမဟုတ်ဖူးလေ။ ရေကျနေတဲ့အချိန်မှာ တကယ်လို့ ပစ်ရင် တောင်မှ အနည်းဆုံးရေကျသွားတဲ့နေရာအထိကို ကျနော်တို့က ဆင်းပြီးတော့ ပစ်ရမယ့် အနေအထား ဆိုတော့ ပစ်ပြီးလို့ အသံကြားရင် ကျနော်တို့ ပြေးလို့မလွတ်နိုင်ဘူး။”

အဆိုပါဒေသသည် ကေအဲန်ယူ တပ်မဟာ(၁) နယ်မြေအတွင်းတည်ရှိသော်လည်း တိုးတက်သော ကရင်ဗုဒ္ဓဘာ သာတပ်မတော် ဒီကေဘီအေ တပ်များလည်းလှုပ်ရှားသည့် ဒေသဖြစ်၍ အဖြစ်မှန်ပေါ်ပေါက်စေရန် ဆက်လက်စုံ စမ်းဖော်ထုတ်သွားမည်ဟု အဆိုပါ ကော်မတီဝင်ဟောင်းက ဆက်ပြောသည်။

ယခုလိုပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ (မစိုးရိမ်) ရကြောင်းနှင့် ဒဏ်ရာရသူများ အား ဘားအံပြည်သူ့ဆေးရုံတွင် ဆေးကုသပေးနေကြောင်း မြန်မာ့အလင်းသတင်းစာက ဖော်ပြသည်။

Most read this week