ကိုဌေးကြွယ် တရားဘက်လိုက်စားနေ

ကိုဌေးကြွယ် တရားဘက်လိုက်စားနေ
ဘူးသီးတောင်ထဲရှိ ကိုဌေးကြွယ်သည် တရားဓမ္မကို လိုက်စားနေပြီး နေ့တိုင်းလိုလို ပုတီးစိတ် တရားထိုင်ခြင်း အလုပ်များကို ပုံမှန် ပြုလုပ်နေကြောင်း ယခုရက်ပိုင်းအတွင်း ထောင်တွင်းမှ လွတ်လာ ...

ဘူးသီးတောင်ထဲရှိ ကိုဌေးကြွယ်သည် တရားဓမ္မကို လိုက်စားနေပြီး နေ့တိုင်းလိုလို ပုတီးစိတ် တရားထိုင်ခြင်း အလုပ်များကို ပုံမှန် ပြုလုပ်နေကြောင်း ယခုရက်ပိုင်းအတွင်း ထောင်တွင်းမှ လွတ်လာသူ တဦးကပြောသည်။

“ကိုဌေးကြွယ်ကို တယောက်တည်း သီးသန့်တိုက်မှာ ထားပါတယ်။ သူက နေ့တိုင်း ပုတီးစိတ် တရားထိုင်ပါတယ်။ တရား ဓမ္မဘက်ကို လိုက်စားပြီး အေးဆေးစွာ နေထိုင်နေတာကို တွေ့ရပါတယ်။”

သို့သော်လည်း ကိုဌေးကြွယ်အား အာဏာပိုင်များက တခြားထောင်သားများနှင့် တွေ့ဆုံခွင့် မပေးဘဲထားကြောင်း သူက ယခုကဲ့သို့ ပြောသည်။

“ ကျနော်တို့ ထောင်သားတွေနဲ့ ကိုဌေးကြွယ်ကို ထောင်အာဏာပိုင်တွေက တွေ့ဆုံစကား ပြောခွင့် မပြုပါဘူး။ သူ့ကို တယောက်တည်း သီသန့် အဆောင်မှာ ထားပါတယ်။ ဒါပေမယ့် ကျနော်တို့ သူ့ကို တွေ့ဆုံနိုင်တဲ့ ရက်တွေ ရှိပါတယ်။ အဲဒါကတော့ ၀ါတွင်း ဥပုတ်ရက်တွေမှာ ဘုရားရှိခိုးတဲ့အခါ ဖြစ်ပါတယ်။ ထောင်သားတွေ အကုန်လုံးကို ထောင်အာာဏာပိုင်တွေက ခန်းမမှာ စုဆုံပြီး ဥပုတ်နေ့တိုင်း ဘုရားဝတ်ပြုတဲ့ အခါ ကိုဌေးကြွယ်ကိုလည်း သူတို့ ခေါ်ထုတ်လာပြီး ဘုရားဝတ်ပြုခိုင်းပါတယ်။ အဲဒီနေ့မှာ ကျနော်တို့ ကိုဌေးကြွယ်ကို တွေ့ဆုံခွင့်၊ စကားပြောခွင့် ရပါတယ်။”

ကိုဌေးကြွယ်၏ ထောင်ထဲတွင် နေပုံထိုင်ပုံနှင့် ပတ်သက်ပြီးလည်း သူက ယခုကဲ့သို့ ပြောသည်။

“ ကိုဌေးကြွယ်က စကားပြောတာက အစ အေးအေးဆေးဆေး ညင်ညင်သာသာ ပြောပါတယ်။ သူရဲ့ ထူးခြားချက်ကတော့ သူ့ဆီကို ရောက်လာတဲ့ အစားအသောက်က အစ ဆေးဝါးတွေကို သူက တယောက်တည်း အသုံး မပြုဘဲ ဆင်းရဲတဲ့ ထောင်သားတွေကို အကုန်လုံး ခွဲဝေပေးပါတယ်။ သူ့အတွက် တခါတခါ အပြင်က ပစ္စည်းတွေ ပို့လာရင် ဂုံနီအိတ် ရ လုံး ၈လုံး အဲသလို ပါတတ်ပါတယ်။ သူ့က အကုန်လုံးကို ဆင်းရဲတဲ့ ထောင်သားတွေကို ခွဲဝေးပေးပါတယ်။ ဒါကြောင့် သူ့ကို ထောင်ထဲမှာ ရှိတဲ့ ထောင်သားတွေက လေးစား ချစ်ခင်ကြပါတယ်။”

ကိုဌေးကြွယ် ကျန်းမာရေး အခြေအနေနှင့် ပတ်သက်ပြီးလည်း သူက ယခုကဲ့သို့ ပြောသည်။

“ သူ့ကို ကျနော် မလွတ်လာခင်တော့ တွေ့ဆုံခွင့် မရခဲ့တော့ပါ။ ထောင်ထဲမှာဆိုတော့ အခြေအနေက တအားဆိုကိုတော့ ပြောစရာ မလိုတော့ပါဘူး။ သူ့ကို ကျနော်မြင်ရတုန်းကတော့ နည်းနည်း ပိန်ပိန်ပါးပါး ဖြစ်နေတာကို မြင်ရတာကလွဲပြီး ကျန်းမာရေး အသင့်အတင့် ကောင်းပုံရပါတယ်။ စကားပြောဆိုခွင့် မရတော့ သူ့ရဲ့ ကျန်းမာရေး အနေအထားကို အသေးစိတ် သိရှိဖို့ အခွင့်အရေး မရခဲ့ပါ။ သူ့ကိုတော့ ထောင်အာဏာပိုင်တွေလည်း ကောင်းမွန်စွာ ဆက်ဆံတာကို တွေ့ရပါတယ်။ တခြားထောင်သားတွေထက် ပိုအရေးစိုက်တာကို တွေ့ရပါတယ်” ဟု သူက ပြောသည်။

ဘူးသီးတောင်ထောင်မှာ ထောင်သားများကို နှိပ်စက်မူကြောင့် ရခိုင်ပြည်နယ်ထဲတွင် နာမည်ဆိုးနှင့် ကျော်ကြားနေသော ထောင်တခုဖြစ်ပြီး ကိုဌေးကြွယ်အပါအဝင် ရခိုင်ပြည်နယ်မှ နိုင်ငံရေး အကျဉ်းသား အများ အပြားကို ချုပ်နှောင်ထားသော ထောင်တခု ဖြစ်သည်။

Most read this week