နစကမှ ပစ်ခတ်၍ သစ်ဘုတ်သမား တဦးသေ၊ သုံးဦးဒဏ်ရာရ

နစကမှ ပစ်ခတ်၍ သစ်ဘုတ်သမား တဦးသေ၊ သုံးဦးဒဏ်ရာရ
by -
မောင်အေး
ရခိုုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ ဘင်္ဂလာဒေ့ချ် နိုင်ငံသို့ သစ်တင်ပို့ရန် ခုတ်မောင်း လာသည့် မော်တော်ဘုတ် တစီးကို နစက တပ်ဖွဲ့ တဖွဲ့မှ ပစ်ခတ် ဖမ်းဆီး သဖြင့် ဘုတ်သမား တဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိ ...

(နိရဥ္စရာ) ရခိုုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ ဘင်္ဂလာဒေ့ချ် နိုင်ငံသို့ သစ်တင်ပို့ရန် ခုတ်မောင်း လာသည့် မော်တော်ဘုတ် တစီးကို နစက တပ်ဖွဲ့ တဖွဲ့မှ ပစ်ခတ် ဖမ်းဆီး သဖြင့် ဘုတ်သမား တဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူမှာ မည်သူ မည်ဝါ ဖြစ်သည်ကို မသိရသေးသော်လည်း အလောင်းနှင့် ဒဏ်ရာ ရသူများကို မောင်တော ဆေးရုံသို့ အခင်း ဖြစ်ပွားပြီးနောက် သယ်ယူလာခဲ့သည်ဟု မျက်မြင် တဦးက ပြောသည်။

“ည ၈နာရီလောက်မှာ ကားနဲ့ဆေးရုံကို ရောက်လာတယ်။ တဦးက သေနေပြီး နောက်တဦးက ခြေသလုံးကျိုးသွားတယ်။ ကျန်နှစ်ယောက်ကတော့ ဒဏ်ရာ သိပ်မပြင်းဘူး။”

နစက နယ်မြေ ရ စခန်းမှ တပ်ဖွဲ့က မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအနီးတွင် ယမန်နေ့ (တနင်္ဂနွေ) နေ့လည်ပိုင်းက အဆိုပါ ဘုတ်ကို ပစ်ခတ်ဖမ်းဆီးခဲ့သည်။

ပစ်ခတ်ခံရသည့် အချိန်တွင် သစ်ဘုတ် ပေါ်တွင် စုစုပေါင်း ဘုတ်သမား ၉ ဦး ရှိနေပြီး ထိုအထဲမှ တဦးမှာ သေဆုံးသွားခြင်း ဖြစ်သည်။

ဒဏ်ရာရသူ ၃ ဦးမှာ ပဲ့ကိုင် ဦးဇော်ဝင်းနိုင်၊ ဦးပြည်သီးနှင့် တခြားတဦး ဖြစ်သည်။ ကျန် ၅ ဦးကို ယခုအခါ နယ်မြေ ရ နစက စခန်းတွင် ချုပ်နှောင်ထား ကြောင်း သိရသည်။

ယခု နစကမှ မှောင်ခို စက်လှေများကို ပစ်ခတ်ဖမ်းဆီးခြင်းမှာ တတိယ အကြိမ်ဖြစ်ပြီး အောက်တိုဘာလ အတွင်း ကလည်း သစ်ဘုတ်တစ်စီးနှင့် နွားဘုတ်တစီးကို နတ်မြစ်အတွင်း နစကမှ ပစ်ခတ် ဖမ်းဆီးခဲ့သည်။

မြန်မာ နစကများသည် သူတို့အား ဆက်ကြေးမပေးဘဲ ဘင်္ဂလာဒေချ့်သိ်ု့ မှောင်ခိုကုန်ပစ္စည်းများ တင်ပို့သည့် စက်လှေများ မော်တော်ဘုတ်များကို ယခုကဲ့သို့ ပစ်ခတ် ဖမ်းဆီးလေ့ရှိသည်။

ဘင်္ဂလာဒေ့ချ်နိုင်ငံတွင် မြန်မာသစ်များ စျေးကောင်းရနေသည့်အတွက် ရခိုင်ပြည်ထွက်သစ် များနှင့် ဧရာဝတီ ဘက်မှ ထွက်ရှိသော သစ်များကို မြန်မာ သစ်မှောင်ခိုင်သမားများမှ စစ်အစိုးရ အရာရှိများနှင့် ပူးပေါင်းကာ ဘင်္ဂလာဒေချ့် နိုင်ငံ တက်ကနက်မြို့ ဆိပ်ကမ်းမှ တဆင့် ဘင်္ဂလာဒေချ့်သို့ တင်ပို့ နေကြသည်။

Most read this week