AMI ဒေသဆိုင်ရာ ရုံများ အားလုံးကို ပိတ်ထားလိုက်ပြီ

AMI ဒေသဆိုင်ရာ ရုံများ အားလုံးကို ပိတ်ထားလိုက်ပြီ
AMI ဌာနေ ရုံးကို ဒေသခံ ရခိုင်လူမျိုးများမှ တိုက်ခိုက်ပြီးနောက်ပိုင်း ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များတွင် ဖွင့်လှစ်ထားသော အဆိုပါ အဖွဲ့၏ ရုံးခွဲများ အားလုံးကို စစ်အစိုးရ တာဝန်ရှိသူများမှ ပိတ်ထား ...

AMI ဌာနေ ရုံးကို ဒေသခံ ရခိုင်လူမျိုးများမှ တိုက်ခိုက်ပြီးနောက်ပိုင်း ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များတွင် ဖွင့်လှစ်ထားသော အဆိုပါ အဖွဲ့၏ ရုံးခွဲများ အားလုံးကို စစ်အစိုးရ တာဝန်ရှိသူများမှ ပိတ်ထားလိုက်ကြောင်း သတင်းရရှိသည်။

“ ရုံးတွေအားလုံးကို ခုချိန်ထိ ပိတ်ထားတုန်းဘဲ ဖြစ်ပါတယ်။ ပြဿနာ ဖြစ်ပွားပြီးကတည်းက ရုံးတွေ ဖွင့်ခွင့်ကို အာဏာပိုင်တွေက ပိတ်ပင်တားမြစ်ထားလိုက်တာ ဖြစ်ပါတယ်။ ပြဿနာတွေ ဆက်ဖြစ်နိင်တဲ့ အတွက် ရုံးတွေကို ပိတ်ထားလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်” ဟု ဒေသခံ တဦးက ပြောသည်။

၂၀၀၉ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က ရခိုင်အမျိုးသား ၂၀၀၀ ကျော်ခန့်က ဘူးသီးတောင်မြို့တွင် ဖွင့်လှစ်ထားသော နိုင်ငံခြား အန်ဂျီအိုတခု ဖြစ်သည့် AIDE MEDICINE INTERNATIONAL (AMI) ဗဟိုရုံးကို ရုံဝန်ထမ်းတဦးမှ ရခိုင်အမျိုးသမီး တဦးကို စော်ကားမူ ပြုလုပ်ခဲ့သဖြင့် တုတ်၊ ဓါး ၊ ပုလင်းများဖြင့် ၀ိုင်းဝန်းတိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်ခဲ့သဖြင့် အဆိုပါ အန်ဂျီအိုပိုင် ကားများ၊ ဆိုင်ကယ်များနှင့် ရုံး အဆောက်အဦးများ ပြိုပျက်သွားခဲ့သည်။

၎င်းနောက်ပိုင်းတွင် သက်ဆိုင်ရာမှ အခြေအနေကို ၀င်ရောက် ထိန်းသိမ်းခဲ့ရပြီး အမျိုးသမီးကို စော်ကားသူ မူဆလင် ၀န်ထမ်းနှစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ ၎င်းအပြင် နိုင်ငံခြား (၂) ဦးနှင့် ရုံးဝန်ထမ်း ၁၇ ဦးကိုလည်း ကယ်ထုတ်ခဲ့ရပြီး ဘေးလွတ်ရာတွင် စောင့်ရှောက်ထားရသည်ဟု သိရသည်။

“ အခုလောလောဆယ်တော့ ဒီပြဿနာကြောင့် ပြည်နယ် ဒုရဲမင်းကြီး ဘူးသီးတောင်ကို ရောက်နေပါတယ်။ ပြဿနာ ဖြစ်ပွားတာကို လာရောက် စစ်ဆေးနေတယ်လို့သိရပါတယ်။ ဖမ်းမယ် ဆီးမယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ခုချိန်ထိတော့ AMI ကိုတိုက်ခိုက်တဲ့ လူတဦး တယောက်ကိုမှ ဖမ်းဆီးတာ မရှိသေးပါဘူး” ဟု သူကပြောသည်။

အန်ဂျီအိုအား တိုက်ခိုက်သူများအား ဖမ်းဆီးမည် ဖြစ်ကြောင်း ကောလဟလ သတင်းများ ထွက်ပေါ်နေသဖြင့် အဆိုပါ တိုက်ခိုက်မူကို ဦးဆောင်သူ လူငယ်များ အနေဖြင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်၌ တိမ်းရှောင်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ဒေသခံ ရခိုင်များက နိုင်ငံခြား အန်ဂျီအို တခုကို တိုက်ခိုက်ခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်ပြီး ယခုတိုက်ခိုက်မူကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ကျန်းမာရေး အကူအညီများပေးနေသော AMI အန်ဂျီအို၏ လုပ်ငန်းများမှာ အနာဂတ်တွင် ရပ်ဆိုင်းသွားနိုင်သည်ဟု လေ့လာ သုံးသပ် တဦးက ပြောသည်။

Most read this week