စစ်တွေတွင် နိုင်ငံရေးပါတီနှစ်ခုမှ ရုံးများ ဖွင့်လှစ်ပြီး ၂၀၁၀ ခုနှစ်ရွှေးကောက်ပွဲအတွက် ပြင်ဆင်

စစ်တွေတွင် နိုင်ငံရေးပါတီနှစ်ခုမှ ရုံးများ ဖွင့်လှစ်ပြီး ၂၀၁၀ ခုနှစ်ရွှေးကောက်ပွဲအတွက် ပြင်ဆင်
ရခိုင် အမျိုးသား အင်အားစုနှင့် ခမီအမျိုးသား အင်အားစု ဟု အမည်တပ်ထားသော နိုင်ငံရေး ပါတီနှစ်ခုမှ စစ်တွေမြို့တွင် ရုံးများ ဖွင့်လှစ်ပြီး ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲအတွက် စည်းရုံးရေး လုပ်ငန်းများ ...

ရခိုင် အမျိုးသား အင်အားစုနှင့် ခမီအမျိုးသား အင်အားစု ဟု အမည်တပ်ထားသော နိုင်ငံရေး ပါတီနှစ်ခုမှ စစ်တွေမြို့တွင် ရုံးများ ဖွင့်လှစ်ပြီး ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲအတွက် စည်းရုံးရေး လုပ်ငန်းများကို ဆောင်ရွက် လုပ်ကိုင်နေကြောင်း သတင်းရရှိသည်။

“အဲဒီ ပါတီ နှစ်ခုဘဲ စစ်တွေမှာတွေ့ပါသေးတယ်။ သူတို့က ရုံးတွေ ဖွင့်လှစ်ပြီး ရခိုင်လူထုတွေကို စည်းရုံးနေတာကို တွေ့ရပါတယ်။ စစ်တွေက ရခိုင်အမျိုးသား အတော်များများလည်း ရခိုင်အမျိုးသား အဖွဲ့ထဲကို ၀င်ရောက်နေတာကို တွေ့နေရပါတယ်” ဟု လူငယ် တဦးက ပြောသည်။

ရခိုင်အမျိုးသား အင်အားစုရုံးကို စစ်တွေ မကျည်းမြိ်ုင်ရပ်ကွက် ကလေးဂေဟာ အနီးတွင် ဖွင့်လှစ်ထားပြီး ခမီအမျိုးသား အင်အားစုရုံးကို စစ်တွေ အုန်းတပင် ရပ်ကွက်တွင် ဖွင့်လှစ်ထားသည်။

“ လက်ရှိ ရခိုင်အမျိုးသား အင်အားစု အဖွဲ့ကိုတော့ ၀ံသာနု NLD က လူတွေနဲ့ စစ်တွေက လူတွေ ဦးဆောင်နေတာ ဖြစ်ပါတယ်။ သူတို့ကတော့ ၂၀၁၀ ခုနှစ်ရွှေးကောက်ပွဲအတွက် အဓိက လူပ်ရှားနေတဲ့ အဖွဲ့ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

စစ်တွေဒေသခံ တဦး အပြောအရ ရခိုင်အမျိုးသား အင်အားစုရုံးအား ယခုအခါ စစ်တွေမြို့ အပြင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် ရသေ့တောင်မြို့နယ်များတွင် အဖွဲ့ခွဲရုံးများ အဖြစ် ဖွင့်လှစ်ရန် စီစဉ်နေပြီး ခေါင်းဆောင်များ အနေဖြင့် နယ်စည်းရုံးရေး ခရီးစဉ်များ ပြုလုပ်ကာ လူထုကို စည်းရုံးနေသည် သိရသည်။

အစပိုင်းက ရခိုင်အမျိုးသား အင်အားစု အဖွဲ့သို့ ၀င်ရောက်သူ အများအပြား ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ၀င်ရောက်သူ နည်းပါးသွားကာ အခုအခါ နုတ်ထွက်သူများပါ ရှိနေသည်ဟု သတင်း တရပ်က ဖေါ်ပြသည်။

Most read this week