မြန်မာအတိုက်အခံ စာစောင်ကို မလေးရှားရှိ မြန်မာသံရုံးက ရောင်းခွင့်ပိတ်ပင်

မြန်မာအတိုက်အခံ စာစောင်ကို မလေးရှားရှိ မြန်မာသံရုံးက ရောင်းခွင့်ပိတ်ပင်
by -
ဇော်ကြီး
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ပေါ်ရှိ မြန်မာစျေးဆိုင်များတွင် ရောင်းချနေသည့် မြန်မာ အတိုက်အခံအဖွဲ့အစည်း များမှ ထုတ်ဝေသည့် စာစောင်များ ရောင်းချခွင့်ကို မြန်မာသံရုံးက ပိတ်ပင် ...

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ပေါ်ရှိ မြန်မာစျေးဆိုင်များတွင် ရောင်းချနေသည့် မြန်မာ အတိုက်အခံအဖွဲ့အစည်း များမှ ထုတ်ဝေသည့် စာစောင်များရောင်းချခွင့်ကို မြန်မာသံရုံးက ပိတ်ပင်ထားသည်။

နိုင်ငံရေးနှင့်ပတ်သက်သည့် ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်များအား ရောင်းချခွင့်ကို ယခုလလည်ခန့်မှစတင်၍ ပိတ် ပင်လိုက်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) မလေးရှားဌာနခွဲမှ ဥက္ကဌ ကိုကျော်ကျော် က ယခုလို ပြောသည်။

“လာမယ့် ၂၀၁၀ အတွက်ထုတ်နေတဲ့ စာစောင်တွေတချို့ရှိတယ်။ အဲဒီစာစောင်တွေမှာ သူတို့ (အ တိုက်အခံအဖွဲ့)ရဲ့ အာဘော်လေးတွေ ထည့်ချင်တယ်။ မီဒီယာပိုင်းဆိုင်ရာက ပြောတဲ့ဟာတွေ၊ ဒီမိုက ရေ စီအင်အားစုကပြောတဲ့ဟာတွေကို ထည့်တဲ့စာစောင်တွေဆိုရင် မြန်မာဆိုင်တွေမှာ လုံးဝတင်ခွင့်မရှိ ဘူး ။ မတင်ရဘူး။ တင်မယ်ဆိုလို့ရှိရင်လည်း သူတို့ (သံရုံးဝန်ထမ်း)က မြန်မာဆိုင်တွေကို တခုခုနှောင့် ယှက်မယ်စိုးလို့ မြန်မာဆိုင်တွေ ကလည်း လုံးဝမတင်တော့ဘဲ အခုလိုမျိုး ပိတ်ပင်လိုက်တာပေ့ါ။”

အဆိုပါစျေးဆိုင်များသည် မလေးရှားနိုင်ငံတွင်တရားဝင်မှတ်ပုံတင်ထားသည့်ဆိုင်များဖြစ်ပြီး မြန်မာသံရုံးနှင့် ကင်း ကွာ၍မရနိုင်သောကြောင့် ထိုစာစောင်များအား ဆိုင်ရှင်များက လက်မခံရဲ တော့ကြောင်း ၎င်းကဆက်ပြောသည်။

“တကယ်လို့များ သူတို့ပြောတဲ့အတိုင်းကို မလုပ်ဘူးဆိုလို့ရှိရင် အဲဒီမလုပ်တဲ့ဗမာဆိုင်က သူတို့ရဲ့အကျိုး တခုခု ယုတ်ပါးသွားစေနိုင်တယ်ပေ့ါနော်။”

မလေးရှားနိုင်ငံ၌ မြန်မာဘာသာဖြင့်ထုတ်ဝေသည့် သူရိယ၊ ခေတ်မြန်မာ၊ ပြည်ထောင်စု၊ လမ်းသစ်၊ စမတ်တိုင်း(မ်)နှင့် ဟလိုမြန်မာစာစောင် စသည့် စာစောင်များရှိသည့်အနက် သူရိယနှင့် ပြည်ထောင်စု စာစောင်နှစ်ခုကိုသာ ရောင်းချခွင့်ပိတ်ပင်ခြင်းဖြစ်သည်။

ကျန်သည့်စာစောင်များအနေနှင့် မြန်မာစစ်အစိုးရနှင့် စီးပွားရေးအရ ဆက်စပ်လုပ်ကိုင်နေသည့် စာစောင်နှင့် အား ကစား ဂျာနယ်များဖြစ်၍ ဆက်လက်ရောင်းချခွင့်ရှိသည်။

အဆိုပါကိစ္စအား မလေးရှားအစိုးရမှ တစုံတရာပြောဆိုခြင်းမရှိသလို ၀င်ရောက်စွက်ဖက် ခြင်းလည်းမရှိဟု သိရ သည်။

စစ်အစိုးရပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲ၌ ပြည်တွင်းပြည်ပရှိ အတိုက်အခံအဖွဲ့အစည်း များမှနှောင့်ယှက် ဖျက် ဆီးမှု ကင်းလွတ်စေရန် ရည်ရွယ်၍ ယခုလိုပိတ်ပင်ခြင်းဖြစ်နိုင်သည် ဟု ကိုကျော်ကျော်က သုံးသပ်ပြောဆိုသည်။

၂၀၀၈ ခုနှစ် စက်တင်ဘာလမှ ၂၀၀၉ ခုနှစ် အောက်တိုဘာလအတွင်း နိုင်ငံတကာ သတင်း လွတ်လပ်ခွင့်ကို စောင့်ကြည့်နေသည့် ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF ၏ ယမန်နေ့က ထုတ်ပြန် သည့် အစီရင်ခံစာ၌ မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့် အဆင့် ယမန်နှစ်က ၁၇၀ ရှိရာမှ ယခုနှစ်တွင် ၁၇၁ သို့ကျသွားသည်ဟု ဖော်ပြထားသည်။

Most read this week