မြန်မာ-ဘင်္ဂလာ တပ်မှူးအဆင့် အလံတင် အစည်းအဝေး မောင်တောတွင် ယနေ့ကျင်းပမည်

မြန်မာ-ဘင်္ဂလာ တပ်မှူးအဆင့် အလံတင် အစည်းအဝေး မောင်တောတွင် ယနေ့ကျင်းပမည်
တင်းမာနေသော နယ်စပ် ပြဿနာ ပြေလျော့စေရေး ရည်မှန်းချက်ဖြင့် ဘင်္ဂလာဒေချ့်နှင့် မြန်မာနိုင်ငံအကြား တပ်မှူးအဆင့် အလံတင် အစည်းအဝေးတခုကို ယနေ့နံနက်မှ စတင်ပြီး မောင်တောမြို့တွင် ကျင်းပမည် ...

တင်းမာနေသော နယ်စပ် ပြဿနာ ပြေလျော့စေရေး ရည်မှန်းချက်ဖြင့် ဘင်္ဂလာဒေချ့်နှင့် မြန်မာနိုင်ငံအကြား တပ်မှူးအဆင့် အလံတင် အစည်းအဝေးတခုကို ယနေ့နံနက်မှ စတင်ပြီး မောင်တောမြို့တွင် ကျင်းပမည် ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ဗမာ အစိုးရ တာဝန်ရှိသူ တဦးက ပြောသည်။

"ဟုတ်ပါတယ်။ အစည်းအဝေးကို မောင်တောမြို့ နဒီဒေဝါ ခန်းမမှာ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။ မြန်မာဘက်ကတော့ နစကဌာနချုပ်ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီးနဲ့ ကိုယ်စားလှယ် အဖွဲ့ တက်ရောက်မှာ ဖြစ်ပြီး ဘင်္ဂလာဒေချ့်ဘက်ကတော့ တက်ကနက်မြို့ အခြေစိုက် အမှတ် ၄၂ ဘီဒီအာရ် တပ်ရင်းမှူး ဗိုလ်မှူးချုပ် မော်ဇာမဲလ် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ တက်ရောက်မယ်လို့ သိရပါတယ်" ဟု ပြောသည်။

ယခုအခါ အစည်းအဝေးမှာ နယ်စပ်တင်းမာမူ ဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ် ပြုလုပ်သော အဆင့်မြင့် တပ်မှူး အဆင့် ဆွေးနွေးပွဲ ဖြစ်ပြီး အောက်တိုဘာလ ၁၃ ရက်နေ့က တောင်ပြိုမြို့တွင် ပြုလုပ်ခဲ့သော ဧရိယာဆိုင်ရာ နယ်မြေမှူးများ ပြုလုပ်သော အစည်းအဝေး ပြီးနောက် ထပ်မံ ပြုလုပ်သော အစည်းအဝေး ဖြစ်သည်။

"ဆွေးနွေးပွဲကတော့ ဘင်္ဂလာဒေချ့်ဘက် တောင်းဆိုတဲ့ အတွက် လုပ်ရတာ ဖြစ်ပါတယ်။ မြန်မာဘက်ကတော့ သိပ်လိုလားတဲ့ အနေအထားမျိုးမတွေ့ရပါဘူး။ အဓိကတော့ နယ်စပ် တင်းမာနေမူတွေ အပေါ် အဓိကထား ဆွေးနွေးမှာ ဖြစ်သလို ဘင်္ဂလာဒေချ့်ဘက်ကတော့ နယ်စပ်ဖြတ်ကျော်ပြီး ဘင်္ဂလာကို လူတွေ ခိုးဝင်နေတဲ့ ကိစ္စ၊ ဘင်္ဂလာရေပြင်ပိုင်နက်က ဘင်္ဂလီ ငါးဖမ်းသမားတွေကို မြန်မာဘက်က ဖမ်းဆီးသွားတဲ့ ကိစ္စတွေကို ဆွေးနွေးပါလိမ့်မယ်။ နောက်ဘယ်အချက်တွေ ပါ၀င်မလဲ ဆိုတာကတော့ စောင့်ကြည့် ရအုံးမှာ ဖြစ်ပါတယ်" ဟုသူက ပြောသည်။

ယခု ပြလုပ်သော အစည်းအဝေးမှာ နယ်စပ် ဒေသ တင်းမာမူ ဖြစ်ပွားနေချိန်တွင် ပြုလုပ်သော အစည်းအဝေး ဖြစ်သဖြင့် နှစ်ဘက် ပြည်သူများ အနေဖြင့် အထူး စိတ်ဝင် တစားရှိနေကြပြီး အစည်းအဝေးမှ မည့်သည့် ဆုံးဖြတ်ချက်များ ထွက်လာမည်ကို အလေးထား စောင့်ကြည့်နေကြသည်ဟု သိရသည်။

Most read this week