ရွေးကောက်ပွဲဥပဒေ ထွက်ပြီးမှ ပါတီဖွဲ့ရန် ပီအဲန်အို ဆုံးဖြတ်

ရွေးကောက်ပွဲဥပဒေ ထွက်ပြီးမှ ပါတီဖွဲ့ရန် ပီအဲန်အို ဆုံးဖြတ်
by -
ခွန်အောင်မြတ်
အပစ်ရပ်အဖွဲ့ဖြစ်သည့် ပအို၀်းအမျိုးသားအဖွဲ့ချုပ်(ပီအဲန်အို)သည် ပါတီဖွဲ့စည်းပြီး ၂၀၁၀ ရွေးကောက်ပွဲကို ၀င် မည်၊ မဝင်မည်ကို ရွေးကောက်ပွဲ ဥပဒေ ထွက်ပြီးမှသာ ဆုံးဖြတ်မည် ...

အပစ်ရပ်အဖွဲ့ဖြစ်သည့် ပအို၀်းအမျိုးသားအဖွဲ့ချုပ်(ပီအဲန်အို)သည် ပါတီဖွဲ့စည်းပြီး ၂၀၁၀ ရွေးကောက်ပွဲကို ၀င် မည်၊ မဝင်မည်ကို ရွေးကောက်ပွဲ ဥပဒေ ထွက်ပြီးမှသာ ဆုံးဖြတ်မည်ဟု ပီအဲန်အိုအဖွဲ့မှ ဗဟိုကော်မတီဝင်တဦးက ပြောဆိုသည်။

“ကျနော်တို့ကတော့ ရွေးကောက်ပွဲ ဥပဒေတွေ ပါတီဖွဲ့စည်းပုံစည်းမျဉ်းဥပဒေတွေ ထွက်လာပြီးမှပဲ ကျ နော်တို့ ဆုံးဖြတ်မှာပဲခင်ဗျ။ နောက်ပြီးတော့ ဥပဒေကလည်း မထွက်သေးဘူး။ ဘာမှ မကြေညာသေး တော့ အဲဒီကြေညာချက်ကိုပဲ ကျနော်တို့ စောင့်နေပါတယ်။” ဟု ပီအဲန်အိုအဖွဲ့မှ ဗဟိုကော်မတီဝင်တဦးက ပြောသည်။

မြန်မာစစ်အစိုးရ အတည်ပြုလိုက်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပေဒနှင့် လာမည့် ၂၀၁၀ ရွေးကောက် ပွဲအပေါ် သဘောထားနှင့်ပတ်သက်၍ ပီအဲန်အို၏ အမည်မဖော်လိုသူ ၎င်းအရာရှိက ယခုလို ဆက်ပြောသည်။

“ညီလာခံလည်း အစအဆုံးတက်ပြီးပြီလေ။ ကျနော်တို့ခေါင်းဆောင်ပိုင်းတွေပေါ့နော်။ ညီလာခံ လည်း အစအဆုံး ကျနော်တို့တက်ရောက်ပြီးမှ ရေးဆွဲတဲ့အချိန်မှာလည်း ၂၀၀၈ ရဲ့ အခြေခံ ဥပဒေကတော့ ဒါ ကတော့ ကျနော့်တို့လည်း နိုင်ငံတော်ကလည်း အတည်ပြုပြီးသားဆိုတော့ ကျနော်တို့လည်း ထောက်ခံ ပြီးသားပါ ခင်ဗျား။ ၂၀၁၀ ကျတော့ ဒါတော့ ကျနော်တို့လည်း ပြောလို့တော့ မရသေးဘူးလေနော်။ ကောင်းလိမ့်မယ်လို့တော့ ကျနော်တို့တော့ ထင်ပါတယ်။”

ပီအဲန်အိုက ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းရန်အတွက် သဘောတူညီထားပြီး စစ်အစိုးရထံ စာရင်းတင်ပြထားသည်ဟု ဆိုသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ပအို၀်းဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် ပါရှိသည်။

ထိုင်းနိုင်ငံအခြေစိုက် ပအို၀်းပြည်သူ့ လွတ်မြောက်ရေး အဖွဲ့ ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပီအဲန်အိုအဖွဲ့၏ ရပ် တည်ချက်အပေါ်တွင် ယခုလို ပြောသည်။

“ရွေးကောက်ပွဲ ဥပဒေမရှိသေးပဲနဲ့တော့ ဆုံးဖြတ်ဖို့ခက်နေတာကိုး။ မှန်တယ်သူပြောတာ။ ရွေးကောက် ပွဲ ဥပဒေက အမျိုးအစား သတ်မှတ်တာတွေ ရှိတယ်လေ။ အမျိုးအစား သတ်မှတ်တာတွေ ရှိတယ်။ နောက် ပြီး တော့ ပါတီဘယ်လိုပုံစံဖွဲ့ရမယ်ဆိုတာ ရှိတယ်။ စည်းကမ်းချက်တွေပေါ့။ စည်းကမ်းချက်တွေရှိတော့ အဲဒီစည်းကမ်းချက်ကို လိုက်နိုင်မှ ၀င်တာကောင်းတာပေါ့။ မလိုက်နိုင်ဘူးဆိုရင်ခက်တယ်။ အဲဒါက မှန် တယ်။ ဒါကြောင့် ရွေးကောက်ပွဲ ဥပဒေမရှိသေးပဲနဲ့ ရွေးကောက်ပွဲအပေါ်မှာ အကဲဖြတ်ဖို့ ခက်တယ် လေ။ အဲဒီလို ဆုံးဖြတ်တာကတော့ ကျနော်ကတော့ ဒါ သင့်တော်တယ်လို့ယူဆတယ်။”

သို့သော် ပီအဲန်အိုအနေနှင့် ထူးခြားသည့် အခွင့်အရေးနှင့် နိုင်ငံရေးအာဏာ ရရှိရန် မဖြစ်နိုင် ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“ရွေးကောက်ပွဲဝင်သည်ဖြစ်စေ၊ ဖွဲ့စည်းပုံအောက်မှာ နေသည်ဖြစ်စေ သူတို့အနေနဲ့တော့ ဘာမှတော့ ပို ပြီးတော့ ထူးလာဖို့တော့ မရှိဘူး။ ဒါပေမယ့် မဝင်ရင်တော့ နစ်နာဖို့တော့ ရှိနိုင်တယ်။ ဒါကြောင့် မဝင်လို့ရှိရင် နစ်နာနိုင်တဲ့ဟာကို ကာကွယ်တဲ့အနေနဲ့ ၀င်ပါ့မယ်၊ ပါပါ့မယ်လို့ ပြောတာပဲ ဖြစ်နိုင်မယ်။ နစ်နာမှု မရှိစေချင်လို့ပေါ့။ ပိုရလာဖို့ အကြောင်းတော့ မရှိဘူးလို့ ထင်တယ်။”

ပီအဲန်အိုသည် ၁၉၉၁ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်ရပ်စဲခဲ့သည်။

အပစ်ရပ်ပြီးနောက်တွင် မိုင်းရှူးကျောက်မျက် တူးဖော်ရေး၊ ကချင်ပြည်နယ် ဖားကန့် ပတ္တမြားနဂါး ကျောက် စိမ်းလုပ်ငန်း၊ ရွှေမှော်တူးဖော်ရေးလုပ်ငန်းနှင့့် တခြား စီးပွားရေး လုပ်ပိုင် ခွင့်များကို ရရှိခဲ့သည့် အဖွဲ့ဖြစ်သည်။

Most read this week