ငွေစက္ကူအသစ် ထုတ်ပြီးနောက် နယ်စပ်တွင် ဆန်နှင့် စားသောက်ကုန် စျေးနှုန်းတက်

ငွေစက္ကူအသစ် ထုတ်ပြီးနောက် နယ်စပ်တွင် ဆန်နှင့် စားသောက်ကုန် စျေးနှုန်းတက်
by -
ခွန်အောင်မြတ်
မြန်မာစစ်အစိုးရက ငါးထောင်တန် ငွေစက္ကူအသစ်ထုတ်ပြီးသည့်နောက်ပိုင်း နယ်စပ်မြို့များ တွင်လည်း ဆန်နှင့် အခြား စားသောက်ကုန် စျေးနှုန်းများ တက်သွားသည်ဟု စျေးသည်များက ပြော ...

မြန်မာစစ်အစိုးရက ငါးထောင်တန် ငွေစက္ကူအသစ်ထုတ်ပြီးသည့်နောက်ပိုင်း နယ်စပ်မြို့များ တွင်လည်း ဆန်နှင့် အခြား စားသောက်ကုန် စျေးနှုန်းများ တက်သွားသည်ဟု စျေးသည်များက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် ကော့သောင်းတွင် ယခုရက်ပိုင်းအတွင်း ကုန်စျေးနှုန်းတက်သည့်အပြင် အရောင်း အဝယ် ခြောက်သွေ့နေသည်ဟု စျေးသည်တဦးက ယခုလို ပြောသည်။

“ကုန်စျေးနှုန်းကတော့ တက်နေကြတာပဲလေ။ ငါးထောင်တန်အော်ပြီးကတည်းက ဆန်စျေးတွေ ဆို လည်း နှစ်သောင်းနဲ့ငါးရာ တန်ရှိရာကနေ နှစ်သောင်းသုံးထောင်၊ နှစ်သောင်းလေးထောင် အဲလိုမျိုး ဖြစ်နေတာပေါ့။ အားလုံးတက်တာပဲ ကြက်သွန်ဖြူလည်း (တပိဿာ) သုံးထောင်ကနေ သုံးထောင် ခြောက်၊ သုံးထောင်ရှစ်ရာ ကြက်သွန်ဖြူတွေဆိုရင်။ အခြေအနေကတော့ ဘာမှမထူး ဘူး။ မထူးခြား တဲ့အပြင်ကို ခြောက်သွေ့နေကြပြီလေ။ ဆိုင်တွေဆိုရင် တနေ့ တနေ့ စျေးရောင်း ရဖို့ မနက်စျေးဖိုး တောင် မရပါဘူးဆိုတဲ့ ဘူးစကားတွေပဲ ကြားနေရတယ်လေ။ ”

မြဝတီတဖက်ခြမ်း မဲဆောက်တွင်လည်း မြန်မာဆန်ကြမ်း စျေးနှုန်းများ တက်သည်ဟု မြန်မာအလုပ်သမား တဦး က ပြောသည်။

“ဆန်ကြမ်းက အခုလက်ရှိ ကျနော်တို့ဝယ်လိုက်ရတာ တအိတ်ကို အရင်တုန်းက ဘတ် ၈၅၀ အခုဆို ၉၂၀ ဖြစ်သွားတယ်။ (၇၀) ခုန်တက်သွားတယ်။ ဆန်အကြမ်းပေါ့နော်။ ဧည့်မထပေါ့။ ဆန်ခုန်တက် တာ က ခြောက်ရက်ပဲ ရှိသေးတယ်။ ငွေထုတ်ပြီးနောက်ပိုင်းပေါ့။ ”

ဆန်အပြင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပဲနှင့် အခြား စားသောက်ကုန်များလည်း စျေးနှုန်း မသိမသာ တက်နေ သည်ဟု မြဝတီ အိမ်ရှင်မတဦးက ပြောသည်။

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ခံတဦးကလည်း ၎င်းတို့ ဒေသတွင်း ကုန်စျေးနှုန်း အခြေအနေကို ယခုလို ပြော သည်။

“ကုန်စျေးနှုန်းတွေ နည်းနည်းတော့ကြီးတယ်။ ဆန်စျေး၁၅၀၀၀ တစ်အိတ် အညံ့စား အရင်တုန်း က ရ၀၀၀ ထောင် ဆန်ကြမ်းတွေ တဝက်လောက် တက်သွားတာပေါ့။ ငါးထောင်တန် ထွက်ကတည်းက တခြားကုန်စျေးနှုန်းတွေရော ကြက်သွန်တို့ ပဲတို့ အကုန်တက်တယ်။ တောင်သူတွေ ဒုက္ခရောက်နေကြ တယ်။ စီးပွားရေးလုပ်ရတာ အဆင်မပြေဘူး။ အသီးအနှံစိုက် တော့လည်း မိုးမရွာလို့ စိတ်ညစ်နေကြ တယ်။ ”

မြန်မာစစ်အစိုးရက ကျပ်ငွေစက္ကူ ၅၀၀၀ တန်ကို ယခုလ ၂ ရက်နေ့တွင် စတင် ထုတ်ပြီးသည့် နောက်ပိုင်း စားသောက်ကုန်များအပြင် ရွှေစျေးလည်း မြှင့်တက်သွားသည်။

Most read this week