ကုန်စျေးနှုန်းတက်နေချိန် အာဏာပိုင်များက မယ်ပြိုင်ပွဲကျင်းပပြီး အပန်းဖြေ

ကုန်စျေးနှုန်းတက်နေချိန် အာဏာပိုင်များက မယ်ပြိုင်ပွဲကျင်းပပြီး အပန်းဖြေ
by -
မင်းဆက်ခိုင်
ရခိုင်ပြည်နယ် မောင်တောခရိုင် ကာယအလှမယ်နှင့် ကာယအလှမောင် ပြိုင်ပွဲကို မောင်တောမြို့တွင် အောက်တိုဘာလ ၆ရက်နေ့က ကျင်းပခဲ့သည်။ အဆိုပါ ပြိုင်ပွဲကို မောင်တောမြို့ သိရိမင်္ဂလာခန်းမတွင် ည ရနာရီတွင် စတင် ...

ရခိုင်ပြည်နယ် မောင်တောခရိုင် ကာယအလှမယ်နှင့် ကာယအလှမောင် ပြိုင်ပွဲကို မောင်တောမြို့တွင် အောက်တိုဘာလ ၆ရက်နေ့က ကျင်းပခဲ့သည်။

အဆိုပါ ပြိုင်ပွဲကို မောင်တောမြို့ သိရိမင်္ဂလာခန်းမတွင် ည ရနာရီတွင် စတင်ကျင်းပခဲ့ပြီး မောင်တောနှင့် ဘူးသီးတောင် နှစ်မြို့နယ်မှ အမျိုးသမီးများနှင့် အမျိုးသားများက ဝင်ရောက် ယဉ်ပြိုင်ခဲ့ကြသည်။

ယခုပြိုင်ပွဲမှာ မောင်တောခရိုင်ဥက္ကဌ (ခယက)မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး အဆိုပါ ပြိုင်ပွဲကို အကြောင်းပြကာ မောင်တောမြို့ရှိ ကုမ္ပဏီတခုစီမှ ကျပ်ငွေ ၅သောင်းစီ ကောက်ခံခဲ့ပြီး ငါး/ပုဇွန် ကုန်စည်ဒိုင်မှ ကျပ်ငွေ ၁သိန်း ကောက်ခံသွားကြောင်း စီးပွါးရေးလုပ်ငန်းရှင်တဦးက ပြောသည်။

“ဒီလောက် စီးပါွးရေးတွေ ကျပ်နေခိုက် ကုန်စျေးနှူန်းတွေ မြင့်တက်နေချိန်မှာ သူတို့က (အာဏာပိုင်တွေ) မောင်တောခရိုင်က အပျိုလေးတွေကိုကြည့်ပြီး အပန်းဖြေကြတယ်။ ရန်ပုံငွေရှာကြတယ်။ ပြည်သူတွေ ဘယ်လို ဖြစ်နေကြတယ်ဆိုတာကို သူတို့ ထည့်မတွက်ဘူးလေ။” ဟု သူကပြောသည်။

မောင်တောမြို့တွင် ယခုအခါ ရွှေအပါအဝင် ကုန်စျေးနှုန်းများမှာ မြှင့်တက်နေပြီး အဆိုပါ ကုန်စျေးနုန်းမှာ ၅၀၀၀ ကျပ်တန်နှင့် အတူ မြှင့်တက်လာခဲ့ခြင်းဖြစ်သည်ဟု မောင်တောမြို့မှ အိမ်ရှင်မ တဦး ကပြောသည်။

“ကုန်စျေးနှူန်းတွေက အခုထိ အကျသေးပါဘူးရှင့်။ ၅၀၀၀ကျပ်တန် အသစ်ထုတ်မယ်လို့ သတင်းထွက်တာနဲ့ ကုန်းစျေးနှုန်းကလည်း တက်တော့တာပါပဲ။” ဟု ပြောသည်။

ယခုအခါ မောင်တောမြို့တွင် (၉၉၉)ရွှေတကျပ်ကို ၆၂၀၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေး ဆန်တအိပ်ကို ၁၈၀၀၀ ကျပ်၊ အလတ်တန်းစား ဆန်တအိပ်ကို ၁၄၀၀၀ ကျပ်နှင့် ၁၅၀၀၀ ကျပ်အကြားတွင် ရှိပြီး ကြက်သွန်နီ တပိဿကို ၁၂၀၀ ကျပ် နှင့် စားအုန်းဆီ တပိဿကို ၂၅၀၀ ကျပ်ဖြစ်ပြီး တခြား ကုန်စျေးနှူန်းများမှာလည်း အသီးသီး မြှင့်တက်လျှက်ရှိကြောင်း သိရသည်။

ကုန်စျေးနှူန်းများမြှင့်တက်နေချိန်တွင် အာဏာပိုင်များအနေဖြင့် မယ်ပြိုင်ပွဲပြုလုပ်ပြီး အပန်းဖြေကာ ရန်ပုံငွေရှာနေသည့်အတွက် မောင်တော လူထုကြားတွင် ဝေဖန်နေကြ ကြောင်း သိရသည်။

အဆိုပါ မောင်/မယ် ပြိုင်ပွဲတွင် လက်မှတ်တစောင်ကို ကျပ်ငွေ ၁၀၀၀စီနှင့် ရောင်းချခဲ့ပြီး ရခိုင်အဆိုရှင်များဖြစ်ကြသော ဒိုးလ်ရီ၊ မျိုးမင်းလေး၊ ခိုင်ကျော်လင်း၊ မျိုးရခိုင်၊ ဝတီစိုးမိုးနှင့် ညှာစိမ်းခိုင်တို့လည်း ပါဝင် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

မောင်/မယ်ပြိုင်ပွဲတွင် ကာယအလှမယ် ပထမဆုကို မောင်တောမြို့ ရပ်ကွက်(၄)မှ မခင်သီတာထွန်းက ဆွတ်ခူးရရှိသွားပြီး ကာယအလှမောင် ပထမဆုကို မောင်တောမြို့ ရပ်ကွက်(၃)မှ ကိုဂျာမနီ (ခေါ်) ကိုစိုးနိုင်ဝင်းမှ ရရှိသွားကြောင်း သိရသည်။

ပထမဆုရရှိသော ကာယအလှမယ်ဆုအတွက် ကျပ်ငွေ ၃သိန်းဆုချီးမြင့်ပြီး ကာယအလှမောင်အတွက် ကျပ်ငွေ ၁သိန်းခွဲ ဆုချီးမြင့်ခဲ့ကြောင်း သတင်းရရှိသည်။

Most read this week