ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားသူ NLD လူငယ်တာဝန်ခံတစ်ဦး နယ်စပ်သို့ ရောက်ရှိ

ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားသူ NLD လူငယ်တာဝန်ခံတစ်ဦး နယ်စပ်သို့ ရောက်ရှိ
by -
ဇော်ကြီး
အမျိုးသားဒီမိုကရေဒီ အဖွဲ့ချုပ် NLD တနင်္သာရီတိုင်း လူငယ်တာဝန်ခံဟောင်း တဦးဖြစ်သူ ဦးတိုးအောင် ထိုင်းမြန်မာနယ်စပ်သို့ တိမ်းရှောင်လာခဲ့သည်။ ရွှေဝါရောင် တော်လှန်ရေး ၂ နှစ်ပြည့် နှစ်ပါတ်လည်နေ့ လှုပ်ရှားသူများ ...

အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ် NLD တနင်္သာရီတိုင်း လူငယ်တာဝန်ခံဟောင်း တဦးဖြစ်သူ ဦးတိုးအောင် ထိုင်းမြန်မာနယ်စပ်သို့ တိမ်းရှောင်လာခဲ့သည်။

ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်ပြည့် နှစ်ပါတ်လည်နေ့ လှုပ်ရှားသူများအား မြန်မာစစ်အစိုးရမှ စောင့်ကြည့်နေပြီး စစ်ဆေးမေးမြန်းမှုများ ရှိသလို ဖိအားပေးမှုများ ပိုမိုလုပ်ဆောင် လာသည့် အတွက် ထိုင်းမြန်မာ နယ်စပ်သို့ တိမ်းရှောင်လာခြင်းဖြစ်သည်ဟု ဦးတိုးအောင် က ယခုလို ပြောသည်။

“ရွှေဝါရောင်တော်လှန်ရေးနှစ်ပါတ်လည်နဲ့ ပတ်သက်ပြီးတော့ ကျနော်ပြည်တွင်းမှာ လှုပ်ရှား တာတွေရှိခဲ့တယ်ပေ့ါဗျာ။ အဲတာနဲ့ပတ်သက်ပြီး အောင်သပြေ စစ်ကြောရေးစခန်းမှာ ကျနော့်ကို ဖမ်းဆီးပြီးတော့ ညှင်းပန်းနှိပ်စက်တာတွေရှိခဲ့တယ်။ ပြန်လွတ်လာပြီး နောက်ပိုင်းမှာလည်း တောက်ရှောက် စောင့်ကြည့်တာတွေခံရတယ်ဗျ။ သွားတာလာတာ လည်းမလွတ်လပ်ဖူး။ လုပ်တာကိုင်တာလည်း ဘာတခုမှလွတ်လွတ်လပ်မရှိဘူးပေါ့ဗျာ။ အဲတာနဲ့ပတ် သက်ပြီး နေလို့မရတဲ့ အခြေအနေကြောင့်မို့လို့ ကျနော်ဒီဖက်ခြမ်းကို ထွက်လာရခြင်း ဖြစ်ပါတယ်။”

၎င်းအနေနှင့် ၁၉၉၅ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံရှေ့ စနေ၊တနင်္ဂနွေနေ့များတွင် ပြုလုပ်သည့် စည်းရုံးရေး ခရီးစဉ်အတွင်း လုံခြံုရေးတာဝန်ယူခဲ့သည့်အတွက် ပထမ အကြိမ်အဖြစ် ထောင်ဒဏ် ၂ နှစ်ကျခံခဲ့ရဖူးသည်။

တဖန် ငြိမ်းချမ်းသော သုတေသနပြည်သူ့လူငယ်များအဖွဲ့အား ဖွဲ့စည်း၍ နအဖနှင့် နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့တို့ထံ လိပ်မူ၍ အိတ်ဖွင့်ပေး စာရေးသားပေးပို့ခဲ့သည့်အတွက် ဒုတိယအကြိမ်ထောင်ဒဏ် ၁၃နှစ် ကျခံရပြီး ထောင်တွင်း၌ ၈နှစ် ထိန်းသိမ်းခံခဲ့ရသည်။

အိပ်ဖွင့်ပေးစာနှင့်ပတ်သက်၍ “ကျနော်တို့မြန်မာပြည်တွင်းမှာရှိနေတဲ့ နိုင်ငံရေးလှုပ်ရှား တက်ကြွသူတွေကို ညှင်းပန်းနှိပ်စက်နေတဲ့ ကိစ္စတွေ ပြီးတော့ NLD နဲ့ နအဖကြားမှာ နားလည်မှု လွဲမှားပြီးတော့ ဖြစ်ပျက်နေတဲ့ ကိစ္စကို သံဃာ့နာယကအဖွဲ့အနေနဲ့ ကြားဝင်ပြီးတော့ ဆောင်ရွက်ပေးစေလိုတဲ့ဆန္ဒနဲ့ အဲဒီကယ်တော်မူပါဘုရားဆိုတဲ့စာတမ်းကို ရေးသား ပေးပို့ခဲ့ တာပါ။” ဟု၎င်းကပြောသည်။

၎င်းအနေနှင့် နိုင်ငံရေးလှုပ်ရှားမှုပြုလုပ်သည့်အခါတိုင်း စစ်ထောက်လှမ်းရေး၏ ခေါ်ယူ စစ်ဆေးမှု ကိုခံရကာ ယခုနောက်ဆုံး စစ်ဆေးခံခဲ့ရမှုနှင့်ပတ်သက်၍ “ခေါ်ယူစစ်ဆေးတယ်၊ မေးမြန်းတယ်။ ရိုက်နက်တယ်ဗျာ။ ပြီးတော့ကျနော်တို့ကို နေ့ရောညရော နားနေချိန် မရအောင် သူတို့ကအလှည့်ကျစစ်တာပေ့ါဗျာ။ ကျနော်ကဒိုင်ခံဖြေနေရတာပေ့ါ။ နောက်ဆုံး မခိုင်မာတာ လည်း ပါတယ်ဗျာ။ ကျနော်နဲ့ပတ်သက်ပြီးချိတ်တွေကြီးကြီးမားမား လိုချင်တော့ ကြိုးရှည်ရှည်နဲ့ လှန်တဲ့အနေနဲ့ ကျနော့်ကိုလွတ်ပေးခဲ့တယ်။” ဟု ဆက်ပြောသည်။

ဦးတိုးအောင်သည် NLD ပါတီစတင်ဖွဲ့စည်းစဉ်ကစ၍ အဖွဲ့ချုပ်လုပ်ငန်းများအား တစိုက် မတ်မတ် လုပ်ဆောင်ခဲ့သူတဦးဖြစ်ပြီး တနင်္သာရီတိုင်းလူငယ်တာဝန်ခံ(ယာယီ)နှင့် ဗဟို လူငယ်ကြီးကြပ် ပံ့ပိုးသည့် တာဝန်များအား ထမ်းဆောင်ခဲ့သူတဦးဖြစ်သည်။

ယခုအခါ ထိုင်းမြန်မာနယ်စပ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) NLD(LA) ရုံး၌ ရောက်ရှိနေပြီး နိုင်ငံရေးလုပ်ငန်းများအား ဆက်လက်လုပ်ဆောင်သွား မည်ဟု ၎င်းကပြောသည်။

Most read this week