ဗိုလ်ချုပ်ကြီး သိန်းစိန် ဝန်ကြီးချုပ် တဦး အင်္ဂါနှင့် အညီ ပို့ဆောင် နုတ်ဆက် မခံရ

ဗိုလ်ချုပ်ကြီး သိန်းစိန် ဝန်ကြီးချုပ် တဦး အင်္ဂါနှင့် အညီ ပို့ဆောင် နုတ်ဆက် မခံရ
by -
မင်းဆက်ခိုင်
အမေရိကန်နိုင်ငံတွင် ကျင်းပမည့် (၆၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် ထွက်ခွာသွားခဲ့သည့် ၀န်ကြီးချုပ် သိန်းစိန်အား နအဖ ထိပ်ပိုင်း စစ်အာဏာပိုင်များက လိုက်လံ ပို့ဆောင် ...

(နိရဥ္စရာ) အမေရိကန်နိုင်ငံတွင် ကျင်းပမည့် (၆၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် ထွက်ခွာသွားခဲ့သည့် ၀န်ကြီးချုပ် သိန်းစိန်အား နအဖ ထိပ်ပိုင်း စစ်အာဏာပိုင်များက လိုက်လံ ပို့ဆောင် နုတ်ဆက်ရာတွင် နိုင်ငံတော် ၀န်ကြီးချုပ် တဦး၏ အင်္ဂါရပ်နှင့် အညီ ပို့ဆောင် နုတ်ဆက်ခြင်း မခံခဲ့ရဟု သတင်းရရှိသည်။

Thein-Seinစက်တင်ဘာလ ၂၇ ရက်နေ့ထုတ် အစိုးရပိုင် ကြေးမုံ သတင်းစာတွင် ပထမဆုံး စာမျက်နှာ၌ ဝန်ကြီးချုပ် သိန်းစိန်အား နအဖ စစ်အာဏာရှင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့မှ စက်တင်္ဘာလ ၂၆ ရက်နေ့က နေပြည်တော် လေဆိပ်တွင် အခြံအရံနှင့် လိုက်ပါ ပို့ဆောင်စဉ် ၀န်ကြီးချုပ် သိန်းစိန်မှာ ပို့ဆောင် နုတ်ဆက်သူများ၏ ဘေးသို့ ရောက်ရှိနေသဖြင့် ၀န်ကြီးချုပ် သိန်းစိန်မှာ ၀န်ကြီး တဦး၏ ဂုဏ်အင်္ဂါရပ်နှင့် အညီ လိုက်ပါ ပို့ဆောင်ခြင်း မခံရဟု သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၀န်ကြီးချုပ် သိန်းစိန်၏ ခရီးစဉ်အား လိုက်ပါပို့ဆောင်သော ဓါတ်ပုံအား ကြေးမုံသတင်းစာတွင် စက်တင်္ဘာလ ၂၇ ရက်နေ့က ဖေါ်ပြပါရှိသည်ကို တွေ့ရှိပြီးနောက် ၀န်ကြီးချုပ်သိန်းစိန်၏ အနေအထားနှင့် သူ၏ ၀န်ကြီးချုပ် တာဝန် အပေါ် လူများက မေးခွန်းထုတ်လာခဲ့ကြသည်ဟု အမည်မဖေါ်လိုသူ လုပ်ငန်းရှင် တဦးက ယခုကဲ့သို့ ပြောသည်။

“ မြန်မာနိုင်ငံ ၀န်ကြီးချုပ်တဦးရဲ့ ကုလသမဂ္ဂ ခရီးစဉ်အတွင်း ကြိုဆို လိုက်လံ ပို့ဆောင်တဲ့ နေရာမှာ ၀န်ကြီးချုပ် တဦးရဲ့ ဂုဏ်အင်္ဂါနှင့် အညီ ပို့ဆောင်မခံရဘဲ ပို့ဆောင်သူတွေရဲ့ဘေးက တပည့်တပန်း တဦးလိုက်ပါနေတာကို မြင်ရတော့ ၀န်ကြီးချုပ်သိန်းစိန်ဆိုတာ ဘာမှ ပါ၀ါ အာဏာမရှိတဲ့ ၀န်ကြီးချုပ်ကြီးပါလား ဆိုပီး လူတွေက မပြောဘဲနဲ့ သဘော ပေါက်သွားကြတာပါဘဲ။”

တချို့လူများက ကြေးမုံသတင်းစာတွင် ဖေါ်ပြသော ဓါတ်ပုံကို ကြည့်ပြီး ၀န်ကြီးချုပ် သိန်းစိန်သည် တချိန်က အာဏာပါဝါ အစွမ်းထက်ခဲ့သော ဝန်ကြီးချုပ်ဟောင်း ခင်ညွှန့်ကဲ့သို့ ဘေးဖယ်ခံရမည့် အတိတ် နမိတ် အဖြစ် တချို့လူများက ပြောဆိုနေကြသည်ဟုလည်း သိရှိရသည်။

“ဝန်ကြီးချုပ် တယောက်အနေနဲ့ကတော့ဗျာ ခုလို ပို့ဆောင် နုတ်ဆက်တဲ့ နေရာမှာ ရှေ့ဆုံးနေရာက မဟုတ်ရင်တောင် အလယ်က နောက်နေရာလောက်မှာ ပါသင့်တာပေါ့၊ အခုက ထီးမိုး မခံရတဲ့ အပြင် ဘေးကိုပါ ရောက်နေတော့ ဓါတ်ပုံကို ကြည့်ပီး လူတွေက ဝန်ကြီးချုပ် သိန်းစိန်ရဲ့ အနေအထားကို သဘောပေါက်သွားကြတာ ဖြစ်ပါတယ်။ သူဟာ နအဖထဲမှာ ဘာမှ အာဏာပါ၀ါ အစွမ်းအစ မရှိတဲ့ လူဆိုပီးတော့ ကြေးမုံ သတင်းစာက ပြည်သူတွေသိအောင် ထုတ်ဖေါ် ပြသလိုက်တာပေါ့ဗျာ” ဟု စစ်တွေမြို့ခံ နောက်တဦးကလည်း (ရယ်လျက်) ပြောဆို သွားခဲ့သည်။

Most read this week