မီးသတ် သင်တန်းသားများကို လက်နက်ငယ် ပစ်ခတ်နည်း ပို့ချ

မီးသတ် သင်တန်းသားများကို လက်နက်ငယ် ပစ်ခတ်နည်း ပို့ချ
by -
တာကလူး
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖွင့်လှစ် ပို့ချနေသော မီးသတ် သင်တန်းတွင် သင်တန်သားများကို လက်နက်ငယ် ပစ်ခတ်နည်းများကို စစ်တပ်က လာရောက် သင်ကြားပို့ချနေသည်ဟု အမည်မဖေါ်လိုသူ သင်တန်းသား ...

(နိရဥ္စရာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖွင့်လှစ် ပို့ချနေသော မီးသတ် သင်တန်းတွင် သင်တန်သားများကို လက်နက်ငယ် ပစ်ခတ်နည်းများကို စစ်တပ်က လာရောက် သင်ကြားပို့ချနေသည်ဟု အမည်မဖေါ်လိုသူ သင်တန်းသား လူငယ် တဦးက ပြောသည်။

“ မီးသတ် သင်တန်းဆိုတဲ့ အတွက် မီးလောင်ရင် ဘယ်လိုမီးသတ်ရမယ်။ လူတွေကို ဘယ်လို ကယ်တင်ရမယ် ဆိုတာတွေကို ပြမယ်ထင်ပြီး သွားတက်တာ ဖြစ်ပါတယ်။ လက်တွေ့မှာတော့ ဘယ်ဟုတ်မလဲ စစ်ရေး သင်ခန်းစာတွေကိုဘဲ ပို့ချနေပါတယ်” ဟု သူက နိရဥ္စရာသို့ ပြောသည်။

အဆိုပါ မီးသတ် သင်တန်းကို ရပ်ကွက် တခုစီမှ သင်တန်းသား ၁၀ ဦးကျစီဖြင့် ယခုလ ၁၄ ရက်နေ့မှ စတင်ပြီး မောင်တော ဘော်လုံးကွင်းနှင့် သိရိမင်္ဂလာ ခန်းမဆောင်တွင် နံနက် (၈)နာရီမှ နေ့လည် (၁)နာရီထိ တွင် ပြသလျှက် ရှိသည်။

“ သင်တန်းမှာ ရိုးရိုးရိုင်ဖယ် အပါအဝင် ဂျီးသရီး ဂျီဖိုး လက်နက်တွေ ဖြုတ်တာ တတ်တာတွေ ကိုလည်း ပြပါတယ်။ ပစ်ခတ်ပုံတွေကိုလည်း ပြပါတယ်။ စစ်သားတွေ လာသင်တော့ စစ်ရေးအရ နည်းနည်း ဗဟုသုတတော့ ရပါတယ်” ဟုသူက ဆက်ပြောသည်။

မောင်တောမြို့နယ်တွင် ကျေးရွာအလိုက် မီးသတ်တပ်ဖွဲ့များ ဖွဲ့စည်းပြီးနောက် ယခုပြုလုပ်သော သင်တန်းသည် ပထမဆုံး အကြိမ် ဖြစ်ပြီး မြို့ပေါ်ရပ်ကွက်မှ သင်တန်းသားများနှင့် ပြုလုပ်နေခြင်း ဖြစ်သည်။

“ ကျေးရွာ အရံမီးသတ် သင်တန်းပေးမယ်ဆိုပြီး ရယကလူကြီးတွေက စာရင်းလာကောက်လို့ ကျွန်တော်တို့ နာမည် ပေးလိုက်မိတာပါ။ သင်တန်းထဲ ရောက်မှပဲ အခြေခံ စစ်ရေးပြနဲ့ လက်နက်ငယ် သင်တန်း ဆိုတာကို သိရပါတယ်။ ဘာကြောင့် သူတို့ မီးသတ်တွေကို စစ်ရေး သင်တန်းပေးတယ်ဆိုတာကိုတော့ သိပ်နားမလည် ပါဘူး” ဟု သူက ပြောသည်။

သင်တန်းတွင် သင်တန်းသား ရ၅ ဦး ရှိပြီး သင်တန်းဖွင့်ပွဲ ပြုလုပ်ခဲ့သည့်နေ့က မောင်တော ခရိုင် ဥက္ကဌ အောင်ဆွေညွှန့် တက်ရောက်ပြီး မိန်းခွန်းပြောကြားခဲ့သည်။

ဥက္ကဌ အောင်ဆွေညွန့်က သူ၏ မိန်းခွန်းတွင် အရေးပေါ်လာလျှင် ဌာနဆိုင်ရာ အာဏာပိုင်တွေနဲ့ အတူ ပူးပေါင်းပါ၀င် လက်တွဲနိုင်ဖို့နဲ့ တိုင်းပြည်အတွက် အမာခံ လူငယ်တွေ ဖြစ်လာအောင် ရည်ရွယ်ချက်နဲ့ လေ့ကျင့် သင်တန်း ပေးရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

သင်တန်းမှာ ရက်ပေါင်း ၂၀ ကြာမြှင့်မည် ဖြစ်ပြီး သင်တန်းသား တဦးကို လဘက်ရည်စရိတ် တရက်ကို ငွေ ၅၀၀ စီ ထုတ်ပေးကြောင်း သိရသည်။

အများစု ပြည်သူများမှာ ယခုကဲ့သို့ မီးသတ် အမည်ခံပြီး စစ်ရေး သင်တန်းပြနေခြင်းမှာ ၂၀၁၀ ခုနှစ်တွင် ကျင်းပမည့် ရွှေးကောက်ပွဲ အတွက် အင်အား စုဆောင်းခြင်း ဖြစ်သည်ဟု ထင်မြင် ယူဆနေကြသည်ဟု သိရသည်။

Most read this week