ရခိုင်ကျောင်းသား လူငယ် ၂၀ နီးပါး စစ်ကြောရေး စခန်းသို့ ရောက်ရှိ

ရခိုင်ကျောင်းသား လူငယ် ၂၀ နီးပါး စစ်ကြောရေး စခန်းသို့ ရောက်ရှိ
အထူးစုံစမ်းရေး ရဲအဖွဲ့ အက်စ်ပီတူးထံ ဖမ်းဆီးခံရသူ ရခိုင်ကျောင်းသားနှင့် လူငယ် အရေအတွက်မှာ ၂၀ နီးပါးခန့် ရှိသွားပြီ ဖြစ်ပြီး သူတို့ကို ယခုအခါ စစ်ကြောရေး စခန်းများတွင် စစ်ဆေး မေးမြန်းနေ ...

အထူးစုံစမ်းရေး ရဲအဖွဲ့ အက်စ်ပီတူးထံ ဖမ်းဆီးခံရသူ ရခိုင်ကျောင်းသားနှင့် လူငယ် အရေအတွက်မှာ ၂၀ နီးပါးခန့် ရှိသွားပြီ ဖြစ်ပြီး သူတို့ကို ယခုအခါ စစ်ကြောရေး စခန်းများတွင် စစ်ဆေး မေးမြန်းနေသည်ဟု သိရသည်။

ယမန်နေ့ (တနင်္လာနေ့)က ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာမှ ဦးမောင်သာဖြူနှင့် ဇနီး ဒေါ်နှင်းဦးစိန်တို့၏သား မောင်နိုင်စိုး ၂၁ နှစ်ကို ရန်ကုန် အက်စ်ပီတူးမှ ဒေသခံ ရဲအဖွဲ့ဝင်များ၏ အကူုအညီဖြင့် ဖမ်းဆီးသွားခဲ့သည်။

သူ၏ဆွေမျိုးတော်သူ တဦးက "သူ့ကို အေအေအက်စ်ဝိုင်စီနှင့် ဆက်သွယ်မူရှိတယ်ဆိုပြီး ရန်ကုန်က ဒုရဲအုပ် တဦး ကိုယ်တိုင်လာရောက်ပြီး မနေ့က နေ့လည်ပိုင်းမှာ ညောင်ချောင်းကနေ ဘူးသီးတောင်ကို ဖမ်းဆီး ခေါ်ဆောင်သွားပါတယ်။ အခု ဘူးသီးတောင် အချုပ်ခန်းမှာ ချုပ်ထားပြီး မနက်ဖြန်မှာ စစ်တွေကဆင့် ရန်ကုန်ကို ခေါ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်" ဟု ပြောသည်။

အလားတူ စက်တင်္ဘာလ ၁၉ ရက်နေ့က ပုဏ္ဍားကျွန်းမြို့က ကိုဇော်မိုးအောင်နဲ့ နောက်ထပ် ကျောင်းသား တဦးကို စစ်တွေ အက်စ်ပီတူးက ဖမ်းဆီးပြီး စစ်တွေကို ခေါ်ယူသွားခဲ့သည်ဟု သူတို့၏ ဆွေမျိုးတော်သူ တဦးက ပြောသည်။

စက်တင်္ဘာလ ၁၅ ရက်နေ့ကလည်း မြောက်ဦးမှ ကျောင်းသား ၂ ဦး ဖမ်းဆီးခံခဲ့ရပြီး ယခုအခါ သူတို့ကို ရန်ကုန်သို့ ခေါ်ယူသွားခဲ့သည်။

စက်တင်္ဘာလ ၁၃ ရက်နေ့က စစ်တွေမှ လူငယ် ၄ ဦးဖမ်းဆီးခံရပြီး ဖမ်းဆီးခံရသူများမှာ ကိုတူတူချေ၊ ကိုကုလားချေ၊ ကိုခိုင်မိုးထွန်းနှင့် ကိုမောင်သူ တို့ ဖြစ်ကြသည်။ သူတို့ကို ယခုအခါ စစ်တွေ အက်စ်ပီတူးက ဆက်လက် စစ်ဆေးနေပြီး သူတို့နှင့် ဆက်နွယ် ပတ်သက်သူများကို လိုက်လံ ဖေါ်ထုတ်နေသည်ဟု သိရသည်။

ကိုတူတူချေမှာ ရခိုင်တေးသံရှင် တဦးဖြစ်ပြီး သူဖခင်မှာ နာမည်ကြီး စီးပွားရေး သမား တဦးဖြစ်သူ ကီစ် ကျော်သိန်း ဖြစ်သည်။ သူ့တွင် စစ်တွေ၌ KISS အမည်ဖြင့် အိန်တာနက်ကဖေး တခုရှိပြီး အဆိုပါ အိန်တာနက် ကဖေးကို သူ့အား ဖမ်းဆီးပြီး နာရီိပိုင်းအတွင်းတွင် ရဲက ၀င်ရောက် စစ်ဆေးခဲ့ပြီး အရေးကြီးသော စာရွက်စာတန်းများနှင့် ဖိုင်တွဲများကို ယူဆောင်သွားခဲ့သည်။

သူတို့အား ဖမ်းဆီးမူမှာ ရန်ကုန်မြို့ လှည်းတန်းတွင် ယခုလ ရ ရက်နေ့က ဖမ်းဆီးခံရသူ ရခိုင်လူငယ် ရ ဦးနှင့် ဆက်စပ်နေသည်။ ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူ ရခိုင် လူငယ် ရ ဦးမှာ ကိုထွန်းလင်း၊ ကိုကျော်ဇောဦး၊ ကိုဇော်ထွန်းဦး၊ ကိုကျော်ဝင်း၊ ကိုခင်မောင်ဌေး၊ ကိုကျော်ဆန်းလိူင်နှင့် နောက် တဦးတို့ ဖြစ်သည်။

မြဝတီမြို့တွင် ရခိုင်လူငယ် ၄ ဦးဖမ်းဆီးခံခဲ့ရကြောင်း သတင်းရရှိသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပါ။

စစ်တွေမှ လာသော သတင်းများအရ အဆိုပါ လူငယ်များမှာ ထိုင်းမြန်မာ နယ်စပ်တွင် အလုပ် လုပ်ကိုင်နေသော ရခိုင် လူငယ် တဦး နအဖထံ လက်နက်ချသွားပြီးနောက် ဖေါ်ကောင် လုပ်လိုက်ရာမှ ဖမ်းဆီးခြင်း ခံကြရသူများ ဖြစ်သည်ဟု သိရသည်။

နောက်ထပ်လည်း ဖမ်းဆီးမူများ ရှိလာနိုင်သဖြင့် ရခိုင် လူငယ်အများအပြားမှာ ထွက်ပြေး တိမ်းရှောင်နေကြသည်ဟု သိရသည်။ ယခုကဲ့သို့ ရခိုင် လူငယ်များကို ဖမ်းဆီးနေခြင်းမှာ ထိုင်း-မြန်မာ နယ်စပ် အခြေစိုက် အေအေအက်စ်ဝိုင်စီခေါ် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ ကွန်ကရက်နှင့် ဆက်စပ်မူ ရှိသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးနေခြင်း ဖြစ်သည်ဟု သိရသည်။

သူတို့အား စစ်ကြောရေး စခန်းများတွင် ပြင်းပြင်း ထန်ထန် ညှဉ်းပမ်းနှိပ်စက်မူများ ရှိနေသဖြင့် မိသားစုဝင်များက အထူးစိုးရိမ်နေကြသည်ဟု သိရသည်။

Most read this week