ဟိုတယ်အမည်ခံ ဇိမ်ခန်းများတွင် နအဖ စစ်အရာရှိများ ပါ၀င်ပတ်သက်နေ

ဟိုတယ်အမည်ခံ ဇိမ်ခန်းများတွင် နအဖ စစ်အရာရှိများ ပါ၀င်ပတ်သက်နေ
by -
မောင်သာကီ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ဟိုတယ်၊ အလှပြင်ဆိုင်နှင့် အနှိပ်ခန်းများ အမည်တပ်ပြီး မကောင်းမူ လုပ်စားနေသော ဇိမ်ခန်းများတွင် နအဖ စစ်အရာရှိများ ပါ၀င် ပတ်သက် နေသည်ဟု ဒေသခံ သတင်းရပ်ကွက်အရ သိရှိ ...

(ကျောက်ဖြူ) ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ဟိုတယ်၊ အလှပြင်ဆိုင်နှင့် အနှိပ်ခန်းများ အမည်တပ်ပြီး မကောင်းမူ လုပ်စားနေသော ဇိမ်ခန်းများတွင် နအဖ စစ်အရာရှိများ ပါ၀င် ပတ်သက် နေသည်ဟု ဒေသခံ သတင်းရပ်ကွက်အရ သိရှိသည်။

အမည်မဖေါ်လိုသူ အရပ်လူကြီးက “ စစ်တပ်၊ ရေတပ်က အရာရှိငယ်တွေ အပါအဝင် စစ်အရာရှှိကြီးတွေက အစ ဒီလုပ်ငန်းတွေမှာ ပါ၀င်ပတ်သက်နေတော့ အတားအဆီး မရှိ ဖြစ်ချင်သလို ဖြစ်နေ ကြတာပါဘဲ။ ဒေသခံ ပြည်သူတွေက ခုလို ဇိမ်ခန်းတွေ တနေ့ထက် တနေ့များလာတဲ့ အပေါ် စိတ်မသက်မသာ ဖြစ်နေကြပေမယ့် ထိပ်တန်း စစ်ဘက်ဆိုင်ရာ အရာရှိတွေက ပါ၀င် ပတ်သက်နေတော့ ဘယ်သူမှ မပြောရဲ မဆိုရဲ ဖြစ်နေကြပါတယ်” ဟု ပြောသည်။

ယခုအခါ ကျောက်ဖြူမြို့တွင် ရန်ကုန်နှင့် တခြားဒေသများမှ လာရောက်ပြီး ဖွင့်လှစ်ထားသော အလှပြင်ဆိုင်နှင့် အနှိပ်ခန်း ၂၀ ပါးခန့်ရှိနေပြီး အများစုမှာ ပြည်တန်ဆာ အလုပ်ကို လုပ်စားနေကြသည်ဟု သိရသည်။

အမျိုးသမီးငယ်များမှာ မြန်မာနိုင်ငံ နေရာဒေသ အများအပြားမှ ယူဆောင်လာသူများ ဖြစ်ကြသည်။

၎င်းပြင်သူက “ ကျနော်တို့ ကျောက်ဖြူမှာ မေဖုန်းမိုရ် ဟိုတယ် ဆိုပြီး အမည်ခံသက်သက် ဖွင့်ထားတဲ့ ဟိုတယ် တခုရှိပါတယ် ။ တစ်ကယ်တော့ ပြည့်တန်ဆာ လုပ်စားနေတဲ့ အခန်းပါပဲ။ ကောင်မလေး အသစ်တစ်ယောက် ရောက်ပြီဆိုတာနဲ့ ပိုင်ရှင်က စစ်တပ်က အရာရှိတွေနဲ့ အယင်အိပ်ခိုင်းတယ်။ ပြီးတော့ သူနဲ့ တစ်ရက်နှစ်ရက် အိပ်တယ်။ နောက်မှ ဖေါက်သည်တွေဆီကို လွဲပေးတယ်။ ဒီအလုပ်ကို လုပ်ဖို့ သူက အနောက်ပိုင်းတိုင်း တိုင်းမှူးနဲ့ အခြား အဆင့်မြင့် စစ်အရာရှိတွေကို ငွေသိန်းပေါင်းများစွာကို လာဘ်ထိုးထားရတာလေ။ ခရိုင် ခယက ဥက္ကဌတောင် သူ့ကို တားဆီးလို့မရဘူး၊ ရခိုင်ပြည်မှာ ဒီလို ညစ်ညမ်းတဲ့ စီးပွားရေး အလုပ်ကို တံခါးမရှိ ဓါးမရှိ လုပ်နိုင်တဲ့သူဆိုလို့ ဒီလူထက် ပိုရှိမယ် မထင်ပါဘူး” ဟု ပြောသည်။

မေဖုန်းမိုရ် ဟိုတယ် ပိုင်ရှင်မှာ စစ်တပ်ထွက် ဖြစ်ပြီး အနောက်ပိုင်းတိုင်းမှူး ပီအေ စသူတို့နှင့်ရင်းနှီးသည့် အပြင် ကျောက်ဖြူ ဒေသဆိုင်ရာ စစ်အာဏာပိုင်များနှင့် ပူးပေါင်းပြီး စီးပွားရေးကို လုပ်ကိုင်နေသူ တဦးလည်း ဖြစ်သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ပင်လယ်ရေနက်ဆိပ်ကမ်း တည်ရှိပြီး နိုင်ငံခြား ငါးဖမ်းသင်္ဘောများ ၀င်ရောက် ဆိပ်ကပ်ရာ မြို့တခုလည်း ဖြစ်သဖြင့် သူအသွားအလာ အဝင်အထွက်များသော မြို့တမြို့ ဖြစ်သည်။

“ အခုကျောက်ဖြူမြို့မှာ ဓညဝတီ ရေတပ် အခြေစိုက် စခန်းရှိတဲ့ အပြင် ငါးဖမ်း သင်္ဘောတွေက နိုင်ငံခြားသားတွေ၊ ဂတ်စ်နဲ့ ရေနံရှာတဲ့ ကုမ္ပဏီက နိုင်ငံခြားသားတွေနဲ့ စည်ကား လာတယ်ဆိုတော့ ဒီမကောင်းမူ လုပ်ငန်းက တွင်ကျယ်လာတာ ဖြစ်ပါတယ်။ နိုင်ငံခြားသားတွေဆီက မြိုးမြိုးမြက်မြက် ၀င်ငွေရရှိလာတော့ ဒီလုပ်ငန်းက ကျောက်ဖြူမှာ ၀င်ငွေ အကောင်းဆုံး လုပ်ငန်းတခု ဖြစ်လာပါတယ်” ဟု သူက ပြောသည်။

Most read this week