တပ်သားသစ် သိမ်းသွင်းရေး သင်တန်း ဒုတိုင်းမှူးကိုယ်တိုင် သင်ကြားပို့ချ

တပ်သားသစ် သိမ်းသွင်းရေး သင်တန်း ဒုတိုင်းမှူးကိုယ်တိုင် သင်ကြားပို့ချ
ရခိုင်ပြည်နယ်တွင် တပ်သားသစ် စုဆောင်းရေးကို နအဖ စစ်အာဏာပိုင်များက အပူတပြင်း ဆောင်ရွက်နေရာ တပ်သား စုဆောင်းရေးအတွက် “တပ်သားသစ် သိမ်းသွင်းရေး သင်တန်း”ကိုလည်း စစ်တွေ တပ်နယ်တွင် ဖွင့်လှှစ် ...

ရခိုင်ပြည်နယ်တွင် တပ်သားသစ် စုဆောင်းရေးကို နအဖ စစ်အာဏာပိုင်များက အပူတပြင်း ဆောင်ရွက်နေရာ တပ်သား စုဆောင်းရေးအတွက် “တပ်သားသစ် သိမ်းသွင်းရေး သင်တန်း”ကိုလည်း စစ်တွေ တပ်နယ်တွင် ဖွင့်လှှစ်ပို့ချနေသည်။

လွန်ခဲ့သော စနေနေ့က ပြုလုပ်သော တပ်သားသစ် သိမ်းသွင်းရေး သင်တန်းကို အနောက်ပိုင်း ဒုတိုင်းမှူး တင်လှိုင်ကိုယ်တိုင် တက်ရောက်ပို့ချခဲ့သည်ဟု အမည်မဖေါ်လိုသူ တပ်ကြပ်ကြီး တဦးက ပြောသည်။

“အဓိကတော့ ဒို့တာဝန် အရေးသုံးပါး ဘယ်အတိုင်းအတာထိ အရေးကြီးတယ်ဆိုတာကို လူထုတွေကို ချပြဖို့နဲ့ လူငယ်တွေကိုစည်းရုံးတဲ့အခါ တပ်မတော်ထဲကို ၀င်ရင် ဘယ်အတိုင်းအတာထိ အကျိုးခံစားခွင့် ရှိတယ်ဆိုတာကို နားလည် သဘောပေါက်အောင် ရှင်းပြဖို့ လိုအပ်တယ်ဆိုပြီး ရှင်းလင်းပြသတာ ဖြစ်ပါတယ်။ အဓိကတော့ ကိုယ်အမူ နုတ်အမူရာတွေက အစ သိမ်မွေ့ရမယ်။ စည်းရုံးရေး ကောင်းရမယ်ဆိုပြီး သင်ကြားပြသပေးတာ ဖြစ်ပါတယ်။ ”

ရခိုင်ပြည်နယ်အတွင်း တပ်စွဲထားသော တပ်ရင်းများတွင် စစ်သား စုဆောင်ရေး အဖွဲ့ငယ် (၂) ဖွဲ့စီကို ဖွဲ့စည်းထားပြီး အဖွဲ့ တဖွဲ့တွင် တပ်ကြပ်ကြီး တဦးနှင့် တပ်သား တဦးပါ၀င်သည်။

အဆိုပါ တပ်သားသစ် စုဆောင်းရေး အဖွဲ့ငယ်များ အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် အဖွဲ့ တဖွဲ့ကျစီ ကျေးရွာများသို့ ကွင်းဆင်းပြီး တပ်သားသစ်များကို စုဆောင်းရသည်။

ထိုသို့ မသွားမှီ စစ်တွေတွင် စနေနေ့တိုင်း ဖွင့်လှစ် ပို့ချသော “တပ်သားသစ် သိမ်းသွင်းရေး သင်တန်း ” သို့ တက်ရောက်ကြရသည်။ တပ်သားသစ် စုဆောင်းရေးမှာ နအဖ တပ်မတော်အတွက် ယခုအခါ အထူး ဦးစားပေး အလုပ် ဖြစ်နေသဖြင့် ဒုတိုင်းမှူး ကိုယ်တိုင် လွန်ခဲ့သော စနေနေ့က ပြုလုပ်သော သင်တန်းကို တက်ရောက်ပို့ ချခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်က ရခိုင်တပ်ကြပ်ကြီးဆိုတော့ ရခိုင်လူငယ်တွေကို စည်းရုံးတဲ့နေရာမှာ အဆင်ပြေအောင် ကျွန်တော်ကို ခိုင်းထားတာပါ။ ခရီးလည်း သွားရ။ ပိုက်ဆံလည်း ရတယ်ဆိုတော့ ဒီအလုပ်က တပ်ထဲမှာ အကောင်းဆုံး အလုပ်တောင် ပြောလို့ ရပါတယ် ” ဟု သူက ပြောသည်။

တပ်သားသစ် တဦး စုဆောင်းရရှိလျှင် ကျပ်ငွေ ၃၀၀၀၀ ချီးမြှင့်ပေပြီး သုံးကြိမ်သွား၍ တဦးမှ မစုဆောင်းမိလျှင် အနားပေးပြီး တခြား စစ်သားများနှင့် အစားထိုးပြီး တပ်သားသစ်များကို စုဆောင်းသည်ဟု သိရသည်။

ထိုသို့ စုဆောင်းရာတွင် အခွင့်အရေးများကို ပေးပြီး စည်းရုံးသကဲ့သို့ အားသုံး ခြိမ်းခြောက်ပြီး စည်းရုံမူများ ပြုလုပ်သည်ဟုလည်း သိရသည်။

ကျေးရွာ တချို့တွင် အလုပ်အကိုင်မရှိ ဖဲကစားတတ်သော လူငယ်များကို ဖဲကစားရန် တပ်သားသစ် စုဆောင်းသူများက ပိုက်ဆံထုတ်ပေးပြီး ငွေပြန်မပေးနိုင်သောအခါ တပ်ထဲသို့ အတင်းဝင်ခိုင်းသည် သာဓကများလည်း ရှိသည်ဟု အရပ်သား တဦးက ပြောသည်။

စစ်တွေနှင့် တခြားမြို့များတွင် ညအချိန်မတော် သွားနေသူ လူငယ်များကို ဖမ်းဆီးပြီး ထောင်ချပစ်မည်ဟု ခြိမ်းခြောက်ကာ တပ်ထဲသို့ သွင်းနေသည်ဟု သိ်ရသည်။

၎င်းပြင် ဘုရားပွဲများတွင် တဦးစ နှစ်ဦးစ သွားလာနေသူ လူငယ်များကို ဖမ်းခေါ်ပြီး တပ်ထဲသို့ သွင်းနေမူများလည်း ရှိနေသည်ဟု ဦးဇင်း တပါးက ပြောသည်။

ယခုအခါ နအဖ တပ်မတော်ထဲတွင် တပ်ထဲမှ ထွက်သူ အရေအတွက် အထူးများပြားလာပြီး တချို့ စစ်သားများ ဆိုလျှင် ထောင်ကျခံပြီး တပ်မှ ထွက်နေကြသဖြင့် အင်အားများ အထူး ပြုန်းတီးလျှက်ရှိရာ အဆိုပါ နေရာများတွင် အစားထိုးရန်အတွက် တပ်သားသစ်များကို အပြင်းအထန် စုဆောင်းလျှက်ရှိသည်။

Most read this week