ရေတပ်နှင့် စစ်တပ် ငါးဒိုင်များမှ ငါးများကို စျေးနှိမ်ဝယ်၍ ၀ယ်ယူ

ရေတပ်နှင့် စစ်တပ် ငါးဒိုင်များမှ ငါးများကို စျေးနှိမ်ဝယ်၍ ၀ယ်ယူ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ရေတပ်နှင့် စစ်တပ်မှ ဖွင့်လှစ်ထားသော ငါးအဝယ်ဒိုင်များမှ ငါးနှင့် ပုဇွန်များကို ရေလုပ်သားများထံမှ စျေးနှိမ်ပြီး အတင်း ၀ယ်ယူနေကြ ...

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ရေတပ်နှင့် စစ်တပ်မှ ဖွင့်လှစ်ထားသော ငါးအဝယ်ဒိုင်များမှ ငါးနှင့် ပုဇွန်များကို ရေလုပ်သားများထံမှ စျေးနှိမ်ပြီး အတင်း ၀ယ်ယူနေကြသည်။

ယခုကဲ့သို့ ရေတပ်နှင့် စစ်တပ် အဝယ်ဒိုင်များမှ အတင်း ၀ယ်ယူနေသော နေရာများမှာ ကျောက်ဖြူမြို့နယ် ငပသုန်ကျေးရွာနှင့် ကျွန်းသာယာတို့တွင် ဖြစ်သည်။

ရေလုပ်သား တဦးက "ကျွန်တော်တို့ အခက် အခဲတွေကိ်ု မပြောပြချင်ပါဘူး။ ဒါပေမယ့်လည်း သူတို့ လုပ်နေတာတွေက တအားလွန်နေတော့ မပြော ချင်သော်လည် ပြောပြရပါတော့မယ်။ ကျွန်တော်တို့ဆီမှာ ရေတပ်နဲ့ စစ်တပ်က ငါးအဝယ်ဒိုင်တွေကို ဖွင့်လှစ်ပြီး ငါးတွေ ၀ယ်ယူနေပါတယ်။ ငါးတပိသာ အပြင်မှာ ကျပ် ၃၀၀၀ ဆိုရင် သူတို့က ၂၀၀၀ ပေးပါတယ်။ ပုဇွန် တပိသာကို အပြင်မှာ ကျပ် ၅၀၀၀ ဆိုရင် စစ်တပ်က ၄၀၀၀ ပေးပါတယ်။ သူတို့ကို မရောင်းရင် ငါးဖမ်းတာတွေကို အကြောင်း အမျိုးအမျိုးပြပြီး ပြဿနာ ရှာပါတယ်။ မရောင်းချင်ရင်လည်း ရောင်းနေကြရပါတယ် " ဟု ပြောသည်။

အဆိုပါ ငါးအဝယ်ဒိုင်များကို တပ်ရင်း ရံပုံငွေ အတွက် ဖွင့်လှစ်ထားပြီး ရေတပ်နှင့် စစ်တပ် အဝယ်ဒိုင်များ အနေဖြင့် ၀ယ်ယူ ရရှိသော ငါးနှင့် ပုဇွန်များကို ကျောက်ဖြူနှင့် စစ်တွေသို့ တင်ပို့ ရောင်းချကြသည်။

"ကျွန်တော်တို့ဆီမှာ ကျောက်ဖြူ အခြေစိုက် ရေတပ်မှ ဗိုလ်ကြီးဖုန်းဇော်နဲ့ အမှတ် ၃၇၃ အမြောက်တပ်မှ တပ်ကြပ်ကြီး သိန်းဝင်းတို့ ရှိပါတယ်။ သူတို့က တာဝန်ရှိသူတွေ ဖြစ်ပါတယ်။ မရှိဆင်းရဲတဲ့ ငါးဖမ်းသမားတွေကို ဆန်တို့ ဆီတို့ အကြွေး ရောင်းချ ပေးသလို ငွေတွေကိုလည်း သူတို့က ထုတ်ချေးပေးပါတယ်။ ရရှိလာတဲ့ ငါးတွေကို သူတို့ဆီမှာ စျေးအနည်းနဲ့ဘဲ ရောင်းချကြရပါတယ် " ဟု သူက ပြောသည်။

၎င်းပြင် မန္တလေး ရန်ကုန်နှင့် ကျောက်ဖြူမြို့မှ ငါးခြောက်ဝယ်ရန် လာရောက်သည့် ကုန်သည်များကိုလည်း အဆိုပါ ဒေသသို့ လာရောက်ပြီး ငါးမဝယ်ယူရန် စစ်တပ်မှ ခြိမ်းခြောက် တားမြစ်ထားသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် တပ်စွဲထားသော စစ်တပ် တပ်ရင်းများသည် လူထုများ လုပ်ကိုင်နေသည့် စီးပွားရေး လုပ်ငန်းများ အားလုံးတွင် ပါ၀င်ပတ်သက်နေပြီး တပ်ရင်း ရံပုံငွေအတွက်ဟု ဆိုကာ ငါးအဝယ်ဒိုင်များ ဖွင့်လှစ်ခြင်း၊ သစ်စက်များ ထူထောင်ခြင်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် ပါ၀င်ခြင်း၊ စိုက်ပျိုးရေး လုပ်ငန်းများကို လက်ဝါးကြီး အုပ်ထားခြင်း၊ ဒေသခံ စီးပွားရေးသမားများအား ကန်ထရိုက်ချပေးခြင်းများကို ပြုလုပ်ပြီး လူထုထံမှ ခေါင်းပုံဖြတ် သွေးစုတ်နေကြသည်ဟု သိရသည်။

သို့အတွက်ကြောင့် ရခိုင်အခြေစိုက် တပ်ရင်း တခုစီတွင် အနည်းဆုံး သိန်းပေါင်း ၁၀၀၀ ကျော်စီ ရံပုံငွေရှိနေကြပြီး ဘူးသီးတောင် အခြေစိုက် စကခ ၁၅ ဌာနချုပ်တွင် သိန်းပေါင်း ၁၃၀၀ ကျော်၊ ပုဏ္ဍားကျွန်း အခြေစိုက် ခမရ ၅၅၀ တွင် တပ်ရင်း ရံပုံငွေ ၅၅၁၆၀၀၀၀ ကျပ် ရှိသည်ဟု သိရသည်။ ၎င်းပြင် မောင်တော အခြေစိုက် နစက ဌာနချုပ်တွင် ရံပုံငွေ ၂၃၈ ရ၇ ၆၈၈၁ ကျပ် ရှိသည်ဟု သိရသည်။

ယခုကဲ့သို့ ရခိုင်လူထုလက်ထဲတွင် လည်ပတ်နေသော ငွေကြေး အရင်းအနှီးများမှာ ဒေသအတွင်း တပ်စွဲထားသော စစ်တပ် တပ်ရင်းများသို့ ရောက်ရှိသွားသဖြင့် ရခိုင်လူထုမှာ ကုန်းကောက်စရာ မရှိအောင်ထိ ဆင်းရဲ မွဲတည်လာရခြင်း ဖြစ်သည်ဟု သိရသည်။

Most read this week