မြန်မာ စစ်အစိုးရမှ ရခိုင်ဒေသ၌ စစ်ရေး တည်ဆောက်မူကို အရေးတကြီး ဆန်းစစ်ရန် ဘင်္ဂလာအစိုးရကို ပညာရှင်အဖွဲ့မှ တဖွဲ့မှ အကြံပြု

မြန်မာ စစ်အစိုးရမှ ရခိုင်ဒေသ၌ စစ်ရေး တည်ဆောက်မူကို အရေးတကြီး ဆန်းစစ်ရန် ဘင်္ဂလာအစိုးရကို ပညာရှင်အဖွဲ့မှ တဖွဲ့မှ အကြံပြု
ဘင်္ဂလားဒေ့ချ် နိုင်ငံသည် ၎င်း၏ အမျိုးသားလုံခြံုရေးကို ကာကွယ်စောင့်ရှောက်ရန် အတွက် နယ်စပ်ဒေသ တလျှောက်တွင် မြန်မာ စစ်အစိုးရ၏ စစ်အင်အားတိုးချဲ့ တည်ဆောက် နေသည့် အပေါ် အလေးအနက် ထည့်တွက် စဉ်းစား ...

ဘင်္ဂလားဒေ့ချ် နိုင်ငံသည် ၎င်း၏ အမျိုးသားလုံခြံုရေးကို ကာကွယ်စောင့်ရှောက်ရန် အတွက် နယ်စပ်ဒေသ တလျှောက်တွင် မြန်မာ စစ်အစိုးရ၏ စစ်အင်အားတိုးချဲ့ တည်ဆောက် နေသည့် အပေါ် အလေးအနက် ထည့်တွက် စဉ်းစားရန်လိုအပ်သည်ဟု ဒက္ကားအခြေစိုက် ပညာရှင်များ အဖွဲ့ တဖွဲ့က ဘင်္ဂလာဒေချ့် အစိုးရကို အရေးတကြီး အကြံ ပြုလိုက်သည်။

ဘင်္ဂလာဒေချ့် နိုင်ငံထုတ် The Independent သတင်းစာကြီးက အဆိုပါ သတင်းကို ကျော့ဖက် မျက်နာတွင် စက်တင်္ဘာလ ၁၂ ရက်နေ့က ပုံနှိပ်ဖေါ်ပြထားပြီး ဘင်္ဂလာဒေချ့် အစိုးရအား အကြံပြုထားသော အဖွဲ့မှာ The Bangladesh Institute of Peace and Security Studies (BIPSS)ဖြစ်သည်ဟု ပြောသည်။

အဆိုပါ အဖွဲ့သည် တောင်အာရှနှင့် အရှေ့တောင်အာရှ လုံခြံုရေးနှင့် စစ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် လေ့လာသုတေသန ပြုလုပ်နေသော အဖွဲ့ဖြစ်ပြီး များမကြာမှီက အစီရင်ခံစာ တစောင်ထုတ်ပြန်ရာတွင် ထိုသို့ ဘင်္ဂလာဒေချ့် အစိုးရအား အကြံပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစီရင်ခံစာတွင် ကြီးထွားလာနေသော မြန်မာ့စစ်အင်အား တိုးချဲ့မူအပေါ် အလေးအနက်ထား စဉ်းစားရန်လိုအပ်ပြီး ဘင်္ဂလာဒေချ့် နိုင်ငံ၏ အမျိုးသား အကျိုးစီးပွားအတွက် ရည်ရွယ်ပြီး အဆိုပါ စစ်ရေးတည်ဆောက်နေမူကို ဖြေရှင်းသွားရန် လိုအပ်ကြောင်း ဖေါ်ပြသည်။

မြန်မာနှင့် ဘင်္ဂလာဒေချ့် နိုင်ငံ၏ ဆက်ဆံရေးမှာ ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာနှင့် ပင်လယ် ရေပြင်ပိုင်နက် အငြင်းပွားမူ ဖြစ်ပွားပြီး နောက်ပိုင်း တစတစ ယိုယွင်းလာခဲ့သည်ဟု အဆိုပါ အဖွဲ့က အစီရင်ခံစာတွင် သုံးသပ် ဖေါ်ပြသည်။

ထိုကဲ့သို့ ဆက်ဆံရေး ယိုယွင်းလာမူနောက်ပိုင်းတွင် မြန်မာ စစ်အစိုးရအနေဖြင့် ဘင်္ဂလာဒေချ့်နှင့် နယ်စပ်ချင်းထိစပ်နေသော ရခိုင်ပြည်နယ်အတွင်း စိုးရိမ်စရာ ကောင်းလောက်အောင်ထိ စစ်အင်အားကို အလွန်အမင်း တည်ဆောက် လာခဲ့သည်ဟု အစီရင်ခံစာတွင် ရေးသားသည်။

မြန်မာ စစ်အစိုးရသည် မြန်မာ အနောက်ဘက် နယ်စပ် ဒေသ တလျှောက်တွင် ခြံစည်းရိုးကာရံခြင်းနှင့် ကွန်ကရတ်ကျောက်တိုင်များ တည်ဆောက်ခြင်းကို အရှိန်တိုးမြင့်၍ လုပ်ဆောင် နေသည်။ ၂၀၀၉ ခု မတ်လမှ စ၍ ကာရံနေသော ခြံစည်းရိုးမှာ ဇူလိုင်လတွင် ၃၈ ကီလိုမီတာထိ ပြီးစီးခဲ့သည်ဟု ဖေါ်ပြသည်။

ထို့အပြင် မြန်မာနိုင်ငံသည် အနောက်ဘက် နယ်စပ်တလျှောက်တွင် စစ်ရေး လှုုပ်ရှားမှုကို တိုးမြှင့်မြဲ တိုးမြှင့်နေသည်ဟု ဖေါ်ပြသည်။

ဘက်စုံ တိုက်ခိုက်နိုင်သည့် တိုက်လေယာဉ် အမ်-အိုင်-ဂျီ ၂၉ အမျိုးအစား စစ်ဆင်ရေး လေယာဉ်များ ပြေးဆင်း နိုင်ရန် အတွက် စစ်တွေ လေယာဉ်ကွင်း ပြေးလမ်းကိုလည်း မြန်မာစစ်အစိုးရမှ တိုးချဲ့ တည်ဆောက်နေပြီး အမ်- အိုင်-ဂျီ ၂၉ တိုက်လေယဉ်၁၂ စီးကိုလည်း စစ်တွေလေဆိပ်၌ များမကြာမှီက တပ်ဖြန့်ချထားသည်ဟု ပြောသည်။

၎င်းပြင် ဘင်္ဂလာနယ်စပ် အနီးတွင် တည်ရှိသော ဘူးသီးတောင်မြို့နယ်တွင် လေယာဉ်ကွင်း တကွင်းကို တည်ဆောက်ရန် မြေနေရာ ရှာထားပြီ အခြေအနေပေးပါက အသင့် တည်ဆောက်ရန် စီစဉ်နေသည်ဟု ပြောသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်တွင် တည်ရှိနေသော ရခိုင်ပြည်နယ် အတွင်း လမ်းတံတားနှင့် စစ်ရေးအရ လိုအပ်ချက်များကို အကြီးအကျယ် ပြင်ဆင် တည်ဆောက် နေသည်ဟုလည်း ပြောသည်။

ထို့အပြင် တင့်ကားများ၊ အမြောက်ကြီးများ၊ ခေတ်မှီ မောင်းပြန် သေနတ်များနှင့် လက်နက်ခဲယမ်း မီးကျောက်များကို ပုံမှန်တင်ပို့ပြီး ဘူးသီးတောင် အခြေစိုက် စစ်တပ် တပ်ရင်း အင်အားများကို ဖြည့်တင်းနေသည်ဟု ဖေါ်ပြသည်။

ယခုကဲ့သို့ မြန်မာဘက်က စစ်ရေး တည်ဆောက်နေမူများသည် ဘင်္ဂလာဒေချ့်ကို သတိပေးသည့် အနေအထားသို့ ရောက်ရှိနေပါပြီဟု ၎င်းအဖွဲ့က ထပ်လောင်း ပြောဆိုသည်။

လက်ရှိ မြန်မာနှင့် ဘင်္ဂလာအကြားတွင် ဖြစ်ပေါ် တိုးတက်နေမူများကို ခြံုပြောရလျှင် မြန်မာနှင့် ဘင်္ဂလာဒေချ့် ဆက်ဆံရေးမှာ ပူးပေါင်း ဆောင်ရွက်မှုကြောင့် တိုးတက်များ ရှိနေသကဲ့သို့ ပဋိပက္ခမှ တဆင့် တိုးတက် ဖြစ်ထွန်းမူများ ရှိနေသည်ဟု ဖေါ်ပြသည်။

ဤဖြစ်ရပ်၌ ပဋိက္ခဆိုသည်မှ ထိပ်တိုက်ရင်ဆိုင်မှု၏ အဓိပ္ပါယ်ကို မဆိုလိုကြောင်းနှင့် အကျိုးဆက်အားဖြင့် သံတမန်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုု နှင့် ပဋိပက္ခ၏ အကျိုးဖြစ်ထွန်းမှုကိုသာ ဆိုလိုသည်ဟု ဆိုသည်။

၎င်းပြင် အဆိုပါ အဖွဲ့က ဘင်္ဂလာဒေချ့် အစိုးရအား သတိပေးထားသည်မှာ မိတ်ဆွေ အဖြစ် မြန်မာနှင့် လက်မတွဲနိုင်ခြင်းသည် စစ်တကောင်း တောင်တန်းနယ် တောင်ဘက်ပိုင်းတွင် လှုပ်ရှားနေသော သူပုန်အဖွဲ့များကိုသာ အကျိုး ဖြစ်ထွန်းစေမည် ဖြစ်ပြီး ထိုအကျိုး ဖြစ်ထွန်းမူများက ဒေသအတွင်း မတည်ငြိမ်မူများနှင့် အမျိုးသား လုံခြံုရေးကိုသာ ထိခိုက်စေလိမ့်မည်ဟု ပြောသည်၊

တရုတ်ပြည်၏ မိတ်ဆွေ နို်င်ငံ တနိုင်ငံ ဖြစ်သော မြန်မာပြည်နှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားခြင်းအားဖြင့် ဘင်္ဂလာဒေ့ချ်သည် အကျိုးဖြစ်ထွန်းနိုင်သည်ဟု အဆိုပါ အဖွဲ့က ဘင်္ဂလာအစိုးရကို အကြံပြုထားသည်။

ပင်လယ်လမ်းကြောင်း အပြင် တရုတ်နှင့် အရှေ့တောင်အာရှ နိုင်ငံများသို့ ဆက်သွယ်သည့် ကုန်းတွင်း လမ်းများအတွက် မြန်မာပြည်သည် မရှိမဖြစ် အရေးတကြီး တံခါးပေါက် ဖြစ်သဖြင့် ဘင်္ဂလာဒေချ့် နိုင်ငံအဖို့ မြန်မာသည် ကုန်းတွင်းလမ်း ကွန်ယက် အတွက် ပထဝီ အနေအထားအရ အဓိက အရေးပါနေဟု ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝသဖြင့် ကောင်းစွာ တိုးတက်မည့် အလားအလာရှိနေပြီး မြန်မာပြည်သည် သစ်တော၊ သဘာဝဓါတ်ငွေ့၊ ရေနံ၊ ကျောက်မျက်ရတနာ စသည့် တခြားသဘာဝ အရင်းအမြစ်များ ပေါကြွယ်သည့် နိုင်ငံ ဖြစ်သဖြင့် မိတ်ဆွေ အဖြစ် ဆက်ဆံခြင်းက ဘင်္ဂလာဒေ့ချ် နိုင်ငံကို အကြီးအကျယ် အကျိုးဖြစ်ထွန်းနိုင်သည်ဟု ပြောသည်။

တိုင်းပြည်မှာ ရင်ဆိုင်နေရသည့် ခြိမ်းခြောက်မှု အတိုင်းအတာနှင့် လိုက်လျောညီထွေဖြစ်စေရန် တည်ဆဲ ကာကွယ်ရေးဦးစားပေး အစီအစဉ်များကို မူဝါဒရေးရာ ချမှတ်သူများက ပြန်လည် ဆန်းစစ်ပါဟု အဆိုပါ အဖွဲ့က အကြံပြုထားသည်။

မြန်မာနှင့်ပတ်သက်သော မူဝါဒကိုချမှတ်ရာတွင် သတိရှိရှိ ထိရောက်သော သံတမန် နည်းပညာများနှင့် ကျွနု်ပ်တို့၏အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မည့် မူဝါဒရေးရာများ ဖြစ်ရန်လိုအပ်သည်ဟု ဖေါ်ပြသည်။

အဆိုပါ အဖွဲ့သည် ဘင်္ဂလာဒေချ့်နှင် မြန်မာဆက်ဆံရေး ခေါင်းစဉ်ဖြင့် အစီရင်ခံစာ တစောင် များမကြာမှီက ရေးသား ထုတ်ပြန်ခဲ့ပြီး မြန်မာ နအဖ စစ်အစိုးရမှ ရခိုင်ဒေသ၌ စစ်ရေး တည်ဆောက်မူ အပေါ် အလွန်အမင်း စိုးရိမ်ပူပန်နေပြီး ဘင်္ဂလာဒေချ့် အစိုးရ အနေဖြင့် ထိပ်တိုက် ရင်ဆိုင်ဖြေရှင်းခြင်းထက် မြန်မာနှင့် ဖြစ်ပေါ်နေသော ပြဿနာများကို သံတမန်နည်းအရ လိမ်မာ ပါးနပ်စွာ ဖြေရှင်းရန် အကြံပြုထားသည်။

သို့သော်လည်း အဆိုပါ အစီရင်ခံစာတွင် မြန်မာ စစ်အစိုးရ၏ စစ်ရေး တည်ဆောက်မူအပေါ် အလေးအနက်ထား ရေးသားထားပြီး ဘင်္ဂလာဒေချ့် အစိုးရအား စဉ်းစားဆောင်ရွက်နိုင်ရန် မီးမောင်းထိုးပြထားသည်။

Most read this week