စစ်တွေဆိပ်ကမ်းကို ကုမ္ပဏီ အသစ်တခုဖြင့် တည်ဆောက်မည်

စစ်တွေဆိပ်ကမ်းကို ကုမ္ပဏီ အသစ်တခုဖြင့် တည်ဆောက်မည်
အိန္ဒိယ အကူအညီဖြင့် တည်ဆောက်မည့် ရခိုင်ပြည်နယ် စစ်တွေမြို့ ပင်လယ်ကူး သင်္ဘော ဆိပ်ကမ်းကို ကုမ္ပဏီ အသစ်တခုဖြင့် ၂၀၁၀ ခုနှစ်မှ စတင် တည်ဆောက်သွားမည်ဟု သိရ ...

မင်းဆက်ခိုင်(နိရဥ္စရာ) အိန္ဒိယ အကူအညီဖြင့် တည်ဆောက်မည့် ရခိုင်ပြည်နယ် စစ်တွေမြို့ ပင်လယ်ကူး သင်္ဘော ဆိပ်ကမ်းကို ကုမ္ပဏီ အသစ်တခုဖြင့် ၂၀၁၀ ခုနှစ်မှ စတင် တည်ဆောက်သွားမည်ဟု သိရသည်။

ယခင် ကန်ထရိုက်ယူထားသည့် ကုမ္ပဏီနှင့် နအဖ စစ်အစိုးရ အကြား သဘောတူညီမူ ပျက်ပြယ်သွားပြီးနောက်ပိုင်း အိန္ဒိယ ဆောက်လုပ်ရေး ကုမ္ပဏီတခုဖြစ်သော Maritime ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်သွားမည် ဖြစ်သည်။

အဆိုပါ စစ်တွေ ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းမှာ ကုလားတန် မြစ်ကြောင်း ဖွံ့ဖြိုးရေး စီမံကိန်း၏ အစိတ်အပိုင်း တခု ဖြစ်ပြီး အဆိုပါ စီမံကိန်း တခုလုံးအတွက် အိန္ဒိယ အစိုးရမှ အမေရိကန် ဒေါ်လာသန်းပေါင်း ၁၂၀ အကုန်အကျခံ သွားမည် ဖြစ်သည်။

စစ်တွေမြို့မှ အင်ဂျင်နီယာ တဦး အပြောအရ အဆိုပါ ဆိပ်ကမ်း စီမံကိန်းမှာ (၃) နှစ်စီမံကိန်း ဖြစ်ပြီး ၂၀၁၀ ခုနှစ်မှ စတင်ပြီး ၂၀၁၂ ခုနှစ်တွင် ပြီးဆုံးမည်ဟု သိရသည်။

တည်ဆောက်မည့်နေရာအား စစ်တွေပြည်သူ့ ဆေးရုံကြီး အရှေ့ဘက်ရှိ မင်းဗာကြီး ကျောက်တန်းနှင့် အင်းပေါက်ဝ ဆိပ်ကမ်းအား ရာတား သတ်မှတ်ထားသည်ဟု သိရသည်။

အဆိုပါ နေရာအား ဆိပ်ကမ်း အဖြစ် တည်ဆောက်ပါက စစ်တွေ ပြည်သူ့ဆေးရုံကြီး၊ စာတိုက်၊ သူနာပြု သင်တန်းကျောင်း အပါအဝင် လူနေအိမ်ခြေ အမြောက် အမြားကို ပြောင်းရွှေ့ရမည်ဟု သိရသည်။

လူနေစည်ကားရာ အရပ် ဖြစ်သဖြင့် အဆိုပါ နေရာတွင် ဆိပ်ကမ်းသစ်ကို တည်ဆောက်ပါက စစ်တွေနေလူထုကို ထိခိုက်နိုင်သည်ဟု စစ်တွေမြို့ခံ တဦးကလည်း ပြောသည်။

၎င်းအပြင် မြန်မာ့ နအဖ စစ်အစိုးရသည် ၂၂၅ကီလိုမီတာ ရှည်လျားသော စစ်တွေမှ ပလက်ဝမြို့နယ်ထိ ကုလားတန် ရေကြောင်းလမ်း ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည် ဖေါ်ဆောင်ရွက်ရန် အိန္ဒိယနှင့် သဘောတူညီထားသည်။

နိုင်ငံခြား သင်္ဘောကြီးများဖြင့် သယ်ယူလာသော ကုန်ပစ္စည်းများကို စစ်တွေ ဆိပ်ကမ်းမှ တဆင့် ကုလားတန် မြစ်ကြောင်း အတိုင်း သင်္ဘောငယ်များဖြင့် ပလက်ဝမြို့ထိ သယ်ယူမည် ဖြစ်ပြီး ပလက်ဝ မြို့နယ် စက်ပစ်ပြင် ကျေးရွာမှ အိန္ဒိယ မီဇိုရမ်ပြည်နယ်သို့ ကားလမ်းဖေါက်ကာ ကုန်ပစ္စည်းများကို တင်ပို့မည် ဖြစ်သည်။

စက်ပစ်ပြင်မှ မီဇူရမ် နယ်စပ်ထ်ိ ၆၂ ကီလိုမီတာ ရှည်လျားပြီး အဆိုပါ ကားလမ်းကိုလည်း ယခုအခါ အကောင်အထည်ဖေါ် ဆောင်ရွက်နေသည်ဟု ဒေသတွင်းက လာသော သတင်းများ အရ သိရသည်။

Most read this week