ဥတ္တမနေ့လှုပ်ရှားမူ ရခိုင်ပြည် အနှံ့အပြားတွင် ပေါ်ပေါက်

ဥတ္တမနေ့လှုပ်ရှားမူ ရခိုင်ပြည် အနှံ့အပြားတွင် ပေါ်ပေါက်
၇၀ နှစ်ပြည့်မြှောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားများကို ရခိုင်ပြည်နယ် အနှံ့ မြို့ရောတောပါ မကျန် ပြုလုပ်ခဲ့သည်ဟု ဦးဆောင်လှုပ်ရှားသူ တဦးဖြစ်သူ ကိုကျော်ဖြိုးနိင်က ပြော ...

၇၀ နှစ်ပြည့်မြှောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားများကို ရခိုင်ပြည်နယ် အနှံ့ မြို့ရောတောပါ မကျန် ပြုလုပ်ခဲ့သည်ဟု ဦးဆောင်လှုပ်ရှားသူ တဦးဖြစ်သူ ကိုကျော်ဖြိုးနိင်က ပြောသည်။

“အဓိကတော့ စစ်တွေမြို့မှာ လုပ်ပါတယ်။ ဒါ့အပြင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်နဲ့ ကျောက်ဖြူမြို့တွေမှာလည်း ကျောင်းသားတွေနဲ့ ရဟန်းတော်တွေက ပြုလုပ်ခဲ့ပါတယ်။ နယ်က အထက်တန်းကျောင်းသားတွေ အများအပြားက သက်ဆိုင်ရာ စာကြည့်တိုက်နဲ့ ဘုန်းတော်ကြီး ကျောင်းတွေမှာ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။”

စစ်တွေမြို့တွင် ရဟန်းများနှင့် ကျောင်းသား တချို့မှ ဦးဥတ္တမ ပန်းခြံရှိ ဦးဥတ္တမ ရုပ်ထုရှေ့တွင် ပန်းခွေချခွင့်နှင့် ဆီးမီးနှင့် ပန်းများဖြင့် ပူဇော်ခွင့်ရခဲ့သည်ဟု သူက ပြောသည်။

“မနက်အစောကြီးသွားပြီး ဆရာတော်ရဲ့ ရုပ်ထုရှေ့မှာ လွမ်းသူပန်းခွေ သွားချခဲ့ကြပါတယ်။ ရဲတွေက မေးမြန်းစစ်ဆေးတာတွေ လုပ်ပြီး ဘာမှတော့ အနှောင့်အယှက်တော့ မပေးပါ။ ပန်းတင် ဆီးမီး ပူဇော်ပြီးနောက် ကျနော်တို့ ပြန်လာကြပါတယ်။ ရဟန်းတော်တွေ အပါအဝင် လူ (၉) ယောက်သွားခဲ့ပါတယ်။”

၎င်းပြင် ရဟန်းတော်များနှင့် ကျောင်းသားများသည် အုပ်စုငယ်လေးများ ခွဲပြီး လောကာနန္ဒာစေတီ၊ ဧစေတီနှင့် တလုံးတော်ဓါတ် စေတီများသို့ သွားရောက်ပြီးလည်း ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြသည်။

“ရဲနဲ့ ဂေါပကအဖွဲ့ကတော့ မေးပါတယ်။ ဒါပေမယ့် ဘုရားလာတာပါ ဆိုတော့ သူတို့ ဘာမှ မပြောတော့ပါဘူး။ ကျနော်တို့က အုပ်စုကြီးဖွဲ့ပီးသွားတာ မဟုတ်တော့ သူတို့က ဘာမှ အနှောင့်အယှက် မပေးပါဘူး။ အဆင်ပြေပါတယ်။” ဟု ပြောသည်။

စစ်တွေမြို့တွင် ရဟန်းတော်များနှင့် ကျောင်းသားများက ဦးဥတ္တမနေ့နှင့် ပတ်သက်သော စာရွက်စာတန်းများနှင့် ကျေညာချက်များကိုလည်း မြို့အနှံ့ ဖြန့်ဝေခဲ့ကြသည်။ ထိုအထဲတွင် စစ်တွေ တက္ကသိုလ်နှင့် နည်းပညာ ကောလိပ်တို့ ပါ၀င်သည်။

ဖြန့်ဝေခဲ့သော စာရွက်စာတန်းများတွင် ဆရာတော် ဦးဥတ္တမ ရုပ်ပုံ၊ ဆရာတော် ကိုယ်ရေး အထုပ္ပတ္တိနှင့် ဆရာတော်ပြောကြားခဲ့သော အဆိုအမိန့်များ ပါ၀င်သည်ဟု သိရသည်။

ထိုကဲ့သို့ စာရွက်များ ဖြန့်ဝေမူကြောင့် ရဟန်းတော် တချို့ကို ရဲက ခေါ်ယူ စစ်ဆေးမေးမြန်းမူများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

စစ်တွေတွင် ဆရာတော် ဦးဥတ္တမနေ့မှာ အေးဆေးစွာ ပြီးဆုံးသွားခဲ့သော်လည်း ရဟန်းတော် အများအပြား စစ်ဆေးမေးမြန်းမူခံခဲ့ရပြီး ကျောင်းတိုက် တချို့ကို စစ်ဆေးမူများ ရှိခဲ့သည်။

ဆရာတော် ဦးဥတ္တနေ့ကို ရဟန်းတော်များနှင့် ကျောင်းသားများက အခမ်းအနားများ ပြုလုပ်ပြီး ဆန္ဒပြကန့်ကွက်မူများ ပြုလုပ်မည်ကို စိုးရိမ်သဖြင့် ရဲနှင့် လုံထိန်းများကို လမ်းဆုံလမ်းခွများတွင် ချထားခဲ့သည်။

နအဖ စစ်အစိုးရ အာဏာပိုင်များက ဆရာတော် ဦးဥတ္တမနေ့ကျင်းပခွင့်ကို ပိတ်ပင်ထားသဖြင့် မကျေနပ်သော လူငယ်တချို့မှ စစ်တွေမြို့နေရာ အနှံ့အပြားတွင် မုတ်ဆေးဗူးများဖြင့် “စက်တဘာ ၉ အစဉ် မမေ့အပ်” “ရွှေဝါရောင် တော်လှန်ရေး အဓွန့်ရှည်ပါစေ” စသဖြင့် ရေးသားခဲ့ကြသည်ဟုလည်း သိရသည်။

လုံခြံုရေး အထူးတင်းကျပ်စွာ ချထားသည့်ကြားက ယခုကဲ့သို့ လှုပ်ရှားမူများ ပေါ်ပေါက်ခဲ့သဖြင့် စစ်တွေမြို့သူ မြို့သားများ အနေဖြင့် အံ့အားသင့်သွားခဲ့ကြသည်ဟု သိရသည်။

Most read this week