ရိုးရိုးသား လုပ်ကိုင် စားသောက်နေသူကို ချဲထီနှင့် စွပ်စွဲပြီး ဖမ်းဆီး ထောင်ချ

ရိုးရိုးသား လုပ်ကိုင် စားသောက်နေသူကို ချဲထီနှင့် စွပ်စွဲပြီး ဖမ်းဆီး ထောင်ချ
မောင်တောမြို့ အမှတ် (၄) ရပ်ကွက်မှ ရိုးရိုးသားသား လုပ်ကိုင် စားသောက်နေသူ ချီဂါဂို လဘက်ရည်ဆိုင် ပိုင်ရှင်ကို ချဲထီ ဒိုင်ကိုင်သည်ဟု စွပ်စွဲကာ မောင်တော တရားရုံးမှ တနင်္လာနေ့က ထောင် ၃ လ ချမှတ် ...

မောင်တောမြို့ အမှတ် (၄) ရပ်ကွက်မှ ရိုးရိုးသားသား လုပ်ကိုင် စားသောက်နေသူ ချီဂါဂို လဘက်ရည်ဆိုင် ပိုင်ရှင်ကို ချဲထီ ဒိုင်ကိုင်သည်ဟု စွပ်စွဲကာ မောင်တော တရားရုံးမှ တနင်္လာနေ့က ထောင် ၃ လ ချမှတ်လိုက်သည်။

မောင်တော မြို့ခံ တဦးက "သူ့ဆီက ဘာမှ သက်သေခံ အထောက်အထားတွေ မရပါဘူး။ ဖြစ်တာက ချဲထီ လိုက်ဖမ်း နေတယ် ဆိုတဲ့အတွက် မူဆလင် လူငယ်လေး နှစ်ဦးက သူ့ရဲ့ ဆိုင်ထဲကို ၀င်ပြေးတယ်။ ဆိုင်ထဲမှာ ပုန်းအောင်းနေတဲ့ ကောင်လေးနှစ်ဦးကို ရဲက ဖမ်းမိသွားပြီး ရှာဖွေတော့ သူတို့ဆီက ချဲထီ ဖြတ်ပိုင်း စာရွက်တွေ ရသွားတယ်။ ဆိုင်ထဲမှာ ဖမ်းမိတော့ ဆိုင်ရှင်ကိုပါ ရဲစခန်းကို ခေါ်သွားပြီး နောက်ပိုင်းမှာ ခုလို ထောင်ချလိုက်တာ ဖြစ်ပါတယ်" ဟု ပြောသည်။

ချီဂါဂို လဘက်ရည်ဆိုင်ပိုင်ရှင် ဦးသိန်းရွှေမောင်ကို ထောင် ၃ လချလိုက်ပြီး ချဲထီ ဖြတ်ပိုင်း စာရွက်များနှင့် အတူ ဖမ်းမိသော မူဆလင် လူငယ် ၂ ဦးကိုမူ ထောင် ခုနှစ်လစီ ချမှတ်လိုက်သည်။

မောင်တောမြို့တွင် ချဲထီဒိုင်ကြီး အများအပြားရှိပြီး ထိုအထဲတွင် ချီထီ ဒိုင်နှစ်ဒိုင်မှာ လူသိရှင်ကြား ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေသော်လည်း ရဲက မဖမ်းဆီးဘဲ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေသူ ဦးသိန်းရွှေမောင်အား ထောင်ချသဖြင့် မောင်တောမြို့တွင် အထူး အံ့အားသင့်နေကြသည်ဟု သိရသည်။

မောင်တောမြို့ခံက "ခုလို ဦးသိန်းရွှေမောင်ကို ထောင်ချတာဟာ မြေနိမ့်ရာ လှံစိုက်တဲ့ သဘော ဖြစ်ပါတယ်။ တကယ်လုပ်တဲ့ ဒိုင်ကြီးတွေက ပိုက်ဆံလည်း ရှိတယ်။ အာဏာပိုင်တွေကိုလည်း အိပ်ကပ်ထဲမှာ ထည့်ထားနိုင်တော့ သူတို့ကိုကျ မဖမ်းဘူး။ ဘာမှ မဟုတ်ဘဲနဲ့ ဦးသိန်းရွှေမောင်ကို ကျတော့ ထောင်ချတယ်ဆိုတော့ ဘယ်အတိုင်းအတာထိ နအဖ အာဏာပိုင်တွေ မတရား လုပ်သလဲ ဆိုတာကို သိရှိနိုင်ပါတယ်" ဟု ပြောသည်။

ယခုအခါ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များတွင် ရဲအဖွဲ့က ချဲထီ နှိမ်နှင်းရေး လုပ်ပြီး ချဲထီဒိုင်များကို လိုက်လံ ဖမ်းဆီးမူများ ပြုလုပ်နေသော်လည်း အဓိက လုပ်ကိုင်နေသူ ဒိုင်ကြီးများကို မဖမ်းဘဲ အစွယ်အပွားများကိုသာ လိုက်လံ ဖမ်းဆီးနေသည်ဟု သိရသည်။

Most read this week