ရခိုင်ပြည်နယ်တွင် အမြှောက်တပ်ရင်း ၅ ခုထိ အခြေစိုက်ထား

ရခိုင်ပြည်နယ်တွင် အမြှောက်တပ်ရင်း ၅ ခုထိ အခြေစိုက်ထား
နအဖ စစ်အစိုးရသည် ၂၀၀၈ ခုနှစ် ကုန်ပိုင်းတွင် ဘင်္ဂလာဒေချ့်နှင့် ရေပြင်ပိုင်နက် အငြင်းပွားမူဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်ပြည်နယ်တွင် အမြှောက်တပ်ရင်း (၅)ထိ တိုးချဲ့ အခြေစိုက်ထားသည်ဟု ရခိုင်ပြည်နယ် စစ်ရေး အခြေအနေ ...

နအဖ စစ်အစိုးရသည် ၂၀၀၈ ခုနှစ် ကုန်ပိုင်းတွင် ဘင်္ဂလာဒေချ့်နှင့် ရေပြင်ပိုင်နက် အငြင်းပွားမူဖြစ်ပွားပြီးနောက်ပိုင်း ရခိုင်ပြည်နယ်တွင် အမြှောက်တပ်ရင်း (၅)ထိ တိုးချဲ့ အခြေစိုက်ထားသည်ဟု ရခိုင်ပြည်နယ် စစ်ရေး အခြေအနေကို လေ့လာသူ တဦးက ပြောသည်။

အဆိုပါ တိုးချဲ့ချထားသော အမြှောက်တပ်ရင်းများမှာ အမှတ် ၃၇၄ -အမ်း၊ အမှတ် ၃၇၃- စစ်တွေ ၊ အမှတ် ၃၇၇- ကျောက်တော်၊ အမှတ် ၃၇၈ - ဘူးသီးတောင်နှင့် အမှတ် ၃၇၅ -တောင်ကုတ်တို့ ဖြစ်သည်။

ယခင်က ရခိုင်ပြည်နယ်အတွင်း အမြှောက်တပ်ရင်းများ မရှိဘဲ ခြေလျင်နှင့် ခြေမြန် တပ်ရင်းများသာ ရှိခဲ့ပြီး ယခုအခါ အမြှောက်တပ်ရင်း ၅ ရင်းကိုပါ တိုးချဲ့ အခြေစိုက်ထားလိုက်သည်။

မျက်မြင်များ၏ အပြောအရ ဘူးသီးတောင် အခြေစိုက် အမြှောက် တပ်ရင်းတွင် တရုတ်လုပ် တင့်ကားများပါ ရောက်ရှိနေပြီး အဆိုပါ တပ်ရင်းကို လွန်ခဲ့သောနှစ်က ဘူးသီးတောင် တပ်မင်းချောင်းတွင် အခြေစိုက်ခဲ့သည်။

ဘင်္ဂလာဒေချ့်နှင့် မြန်မာဆက်ဆံရေးမှာ တရုတ်အစိုးရ၏ ကြားဝင် ဆောင်ရွက်ပေးမူကြောင့် ယခုအခါ အသင့်အတင့် ပြန်လည် ကောင်းမွန်လာခဲ့သော်လည်း ရေပြင်ပိုင်နက် အငြင်းပွားမူမှာမူ ယခုအချိန်ထိ မဖြေရှင်းနိုင်ဘဲ လိပ်ခဲတည်းလည်း ဖြစ်နေသေးသည်။

ဘင်္ဂလာဒေချ့််မှ အငြင်းပွားရေပြင်ပိုင်နက် အနီးတွင် ဂတ်စ် ရှာဖွေခွင့်ကို အမေရိကန် နု်ိင်ငံ ကုမ္ပဏီ တခုအပါအဝင် နောက်ထပ် နိုင်ငံခြား ကုမ္ပဏီ တခုအား ဌားရမ်းခဲ့သည်။

မြန်မာ စစ်အစိုးရသည် ဘူးသီးတောင်နှင့် ကျောက်တော်အကြား ကားလမ်းကြမ်းတခုအား ဖေါက်လုပ်နေပြီး စစ်တွေ-ရန်ကုန် ကားလမ်းမနှင့် ချိတ်ဆက်ရန် စီစဉ်နေသည်။

၎င်းပြင် နအဖ စစ်အစိုးရသည် ရခိုင်ကမ်းရိုးတန်း တလျောက်ရှိ အရေးပါသော ကျွန်းများ ဖြစ်ကြသည့် ကျွန်းသာယာနှင့် နန့်သာကျွန်းများတွင်လည်း အမြောက်တပ်ဖွဲ့များကို ချထားသည်ဟု စစ်ရေးလေ့လာသူက ပြောဆိုသည်။

Most read this week