အသက် ၁၂ နှစ်အရွယ် မြန်မာနိုင်ငံသား ထိုင်းနိုင်ငံကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ခွင့်ရ

အသက် ၁၂ နှစ်အရွယ် မြန်မာနိုင်ငံသား ထိုင်းနိုင်ငံကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ခွင့်ရ
by -
နွယ်လေး
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား မိဘများက မွေးဖွားသည့် အသက် ၁၂ နှစ်အရွယ် ရှမ်းကျောင်းသားအား ဂျပန် နိုင်ငံ အိုရီဂါမီ စက္ကူဖြင့် ပြုလုပ်သည့် လေယာဉ်ပြိုင်ပွဲသို့ ထိုင်းနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင် ...

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား မိဘများက မွေးဖွားသည့် အသက် ၁၂ နှစ်အရွယ် ရှမ်းကျောင်းသားအား ဂျပန် နိုင်ငံ အိုရီဂါမီ စက္ကူဖြင့် ပြုလုပ်သည့် လေယာဉ်ပြိုင်ပွဲသို့ ထိုင်းနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ရန် ထိုင်းအစိုးရက ခွင့်ပြုလိုက်သည်။

ရှမ်းလူမျိုး မောင်ထောင်းဒီ ကို် ဂျပန်နိုင်ငံသို့သွားရောက် ယှဉ်ပြိုင်နိုင်ရန် ရက်အတန်ကြာ ငြင်းခုံဆွေးနွေးပြီးသည့် နောက်ပိုင်းတွင် ထိုင်းပြည်ထဲရေး ၀န်ကြီးဌာနက ထိုင်းနိုင်ငံ ကိုယ်စားပြုအဖြစ် သွားရောက် ယှဉ်ပြိုင်ရန် ယမန်နေ့ က ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

လာမည့် စက်တင်ဘာ (၁၆) ရက်နေ့တွင် ထိုင်းနိုင်ငံမှ ထွက်ခွာမည့် မောင်ထောင်းဒီက “အရမ်းပဲ ၀မ်းသာ တယ်။ အားပေးဖို့အတွက်လဲ တောင်းဆိုပါတယ်။ သွားပြိုင်ခွင့်ပေးတာကိုလဲ ကျေးဇူးတင်ပါတယ်။ ခုလို ထွက်သွားဖို့ နိုင်ငံကူးလက်မှတ် လုပ်ပေးတာကို အရမ်းကျေးဇူးတင်ပါတယ်။ မသွားရတော့ဘူးဆို တုန်း က အရမ်းပဲ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ အားပေးကြပါဦးနော်။” ဟု ပြောသည်။

မောင်ထောင်းဒီ၏ ဆရာမ ၀ီရတ် ချနီး က ထိုင်းနိုင်ငံသား မဟုတ်သည့်အတွက် ထိုင်းပြည်ထဲ ရေးဝန်ကြီးဌာနက မောင်ထောင်းဒီ အား နိုင်ငံကူးလက်မှတ် ထုတ်ပေးရန် ငြင်းပယ်ခံရစဉ် တွင် စိတ်မကောင်းဖြစ်မိကြောင်း ပြောဆို သည်။

ယခု ထိုင်းနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ခွင့် ရသည့်အတွက် သူမအနေအဖြင့် ၀မ်းသာပီတိ ဖြစ်မိသည် ဟု ဆက်လက် ပြောဆိုသည်။

“ကောင်းတာပေါ့နော် သူတို့က ခုလို ဒီထိုင်းလူငယ်တွေရဲ့အရေးပါတဲ့ အခွင့်အရေးကို ကြည့်ပေးခဲ့တဲ့ အတွက်။ လူမျိုးရေးဆိုတာ တကယ်က ဘာမှ အရေးမကြီးဘူး။ အရမ်းပဲ ၀မ်းသာတယ်။ ကိုယ့်တပည့် လေးက ထိုင်းနိုင်ငံရဲ့ ဂုဏ်ကိုဖော်ဆောင် လုပ်ပေးနိုင်တဲ့ အတွက်။”

မောင်ထောင်းဒီသည် လေယာဉ်စက္ကူခေါက် ပြုလုပ်ရာတွင် အခြားကျောင်းသားများထက် ပိုမို တည်ငြိမ်ပြီး စိတ် ၀င်တစား ကြိုးစားလေ့ကျင့်သည့်အပြင် အခြားဘာသာရပ်များကိုလည်း စိတ်ဝင်တစား ကြိုးစားသင်ယူသည့် က လေးငယ်တစ်ဦးဖြစ်ကြောင်း ဆရာမက ပြောသည်။

မောင်ထောင်းဒီသည် စက္ကူလေယာဉ်ခေါက်သည့်အတတ်ပညာကို ကျောင်းတွင်ဆရာများထံသင်ယူခဲ့ပြီးအိမ်တွင် လည်း လေယာဉ်ခေါက်ကစားလေ့ရှှိကြောင်းကို မောင်ထောင်းဒီ၏ ဖခင်ဖြစ်သူ စိုင်းညွှန့်က ယခုလိုပြောသည်။

“သူအမြဲတမ်းဆော့တယ် ဒီလေယာဉ်ခေါက်တာကို။ အိမ်မှာအမြဲ ဒါပဲဝယ်ပြီးခေါက်နေတော့ ကျနော်က တောင် အလကားပိုက်ဆံကုန်တယ်ဆိုပြီး သူ့ကို ဆူတာအော်တာ လုပ်မိသေးတယ်။ ဆူလဲ သူက ဒီလို ပဲ ဆော့နေတာပဲ။ ဒီလို အကျိုးရှိမှန်း ကျနော်လည်းမသိဘူး။“

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် သြဂုတ်လတွင် ပထမအကြိမ် အဖြစ် ချင်းမိုင်မြို့တွင် ၀င်ရောက် ယှဉ်ပြိုင်စဉ်က ပထမဆု ရရှိပြီး ဘတ်ငွေငါးထောင်နှင့် လျှပ်စစ်လေယာဉ်တစ်စီး ရရှိခဲ့စဉ်က မောင်ထောင်းဒီသည် ကျေနပ်ဂုဏ်ယူစွာဖြင့် မိဘများကို ၀မ်းသာအားရ ပြောပြခဲ့သည်ဟု ဖခင်က ဆက်ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လက ဘန်ကောက်တွင် ကျင်းပသည့် စက္ကူခေါက်လေယာဉ်ပြိုင်ပွဲ၌ မောင်ထောင်ဒီ ၀င်ရောက် ယှဉ်ပြိုင်ရာ သူ၏ စက္ကူခေါက်လေယာဉ်သည် လေထဲတွင်် ၁၂.၅၀ စက္ကန့်ကြာ ပျံဝဲနိုင်သဖြင့် ပထမဆု ရရှိခဲ့ သည်။

ဂျပန်နိုင်ငံမှ အိုရီဂါမီ စက္ကူခေါက် လေယာဉ်ပျံ ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခြင်း ခံရသဖြင့် လာမည့် စက်တင်ဘာ ၁၉ ရက်နေ့တွင် ဂျပန်နိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်ရန် ဘန်ကောက်မြို့တွင် လေ့ကျင့်ရေးများနှင့် လိုအပ်သည့် ကိုယ်ရေး အချက်အလက်များ အတွက် ပြင်ဆင်နေဆဲ ဖြစ်သည််။

မောင်ထောင်းဒီကို ၁၉၉၇ ခုနှစ်တွင် ထိုင်းနိုင်ငံအတွင်း မွေးဖွားခဲ့ပြီး မိဘနှစ်ပါးမှာ ထိုင်းနိုင်ငံတွင် တရားမဝင် လာ ရောက်နေထိုင်ခဲ့သဖြင့် မွေးစာရင်းများ ပြုလုပ်ရန် အခက်အခဲများကြောင့် မည်သည့် လက်မှတ် အထောက်အ ထားမှ မရှိခဲ့ပေ။ ထိုင်းပြည်ထဲရေး ၀န်ကြီးမှ ပြည်ပသို့ ထွက်ခွာခွင့် မရကြောင်းသိရစဉ်တွင် စိတ်မကောင်း ဖြစ်ရုံမှ တပါး သူ၏ ကံတရားဟုသာ ဖြေခဲ့သည်ဟု ၎င်း၏ ဖခင်က ပြောသည်။

မောင်ထောင်းဒီသည် ချင်းမိုင်မြို့ရှိ ဟွေ့ဆိုင်းကျောင်းတွင် စတုတ္တတန်း ပညာသင်ကြားနေသူ တစ်ဦးဖြစ်သည်။

မောင်ထောင်းဒီ မိဘများသည် ရှမ်းပြည်တောင်ပိုင်း နမ့်စန်ဇာတိဖြစ်ပြီး လွန်ခဲ့သည့် ၁၄ နှစ် ကတည်းက ထိုင်း နိုင်ငံသို့ လာရောက်နေထိုင်သူကြပြီး ချင်းမိုင်မြို့တွင် ဆောက်လုပ်ရေး လုပ်ငန်း လုပ်ကိုင်နေကြသည်။

မောင်ထောင်းဒီသည် မွေးချင်း နှစ်ယောက်တွင် အကြီးဆုံးသားဖြစ်သည်။

Most read this week