ကွမ်းလုံဆည် တည်ဆောက်မှု ရပ်ဆိုင်းရန် ရှမ်းသဘာဝအဖွဲ့ တောင်းဆို

ကွမ်းလုံဆည် တည်ဆောက်မှု ရပ်ဆိုင်းရန် ရှမ်းသဘာဝအဖွဲ့ တောင်းဆို
by -
နွယ်လေး
သံလွင်မြစ်ပေါ်တွင် ပြည်သူလူထု အသက်သွေးကြောနှင့် ရင်းနှီးမြုပ်နှံပြီး တည်ဆောက်မည့် ကွမ်းလုံဆည် စီမံ ကိန်းကို ရပ်ဆိုင်းပေးရန် ရှမ်းသဘာဝ အဖွဲ့မှ ယမန်နေ့တွင် တရုတ်အစိုးရထံ တောင်းဆိုခဲ့ ...

သံလွင်မြစ်ပေါ်တွင် ပြည်သူလူထု အသက်သွေးကြောနှင့် ရင်းနှီးမြုပ်နှံပြီး တည်ဆောက်မည့် ကွမ်းလုံဆည် စီမံ ကိန်းကို ရပ်ဆိုင်းပေးရန် ရှမ်းသဘာဝ အဖွဲ့မှ ယမန်နေ့တွင် တရုတ်အစိုးရထံ တောင်းဆိုခဲ့သည်။

ကွမ်းလုံဆည်တည်ဆောက်ရန် အကောင်အထည်ဖော်ခြင်းသည် မြန်မာစစ်အစိုးရက နိိုင်ငံရေးအရ လာမည့် ၂၀ ၁၀ ရွေးကောက်ပွဲတွင် အပစ်ရပ်အဖွဲ့များကို ချုပ်ကိုင်နိုင်ရန်နှှင့် ယင်းဒေသရှိ ရွာသူ၊ ရွာသားများကို ဖယ်ရှား ရန်အတွက်ဖြစ်သည်ဟု ရှမ်းသဘာဝအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းခေးဆိုင်က ပြောသည်။

ကွမ်းလုံဆည်တည်ဆောက်လျှင် ယင်းဒေသရှိ ဒေသခံများကို ထိခိုက်စေမည်ဟု စိုင်းခေးဆိုင်က ပြောသည်။

“လုပ်တော့မယ်ဆိုလို့ရှိရင် ပြည်သူလူထုတွေ ထိခိုက်မှာပေါ့။ ဘာလို့လဲဆို ကိုးကန့်နဲ့ စစ်ပွဲဖြစ်တဲ့ ချိန် မှာ ကလေးရော လူကြီးရော လူပေါင်း၂၀၀ကျော်သေဆုံးတယ်၂၇ ရက်နေ့ကတိုက်ပွဲမှာ။”

ကွမ်းလုံဆည်တည်ဆောက်မည့် ဧရိယာသည် ကိုးကန့်ပြည်သူ့စစ်နှင့် ကိုးကန့် လက်နက် ကိုင်အဖွဲ့၏ ဧရိယာတွင် တည်ရှိပြီး၊ ပြီးခဲ့သည့် လကုန်ပိုင်းတွင် ကိုးကန့်နှင့်မြန်မာ တိုက်ပွဲ ဖြစ်ပွားသည့် ဧရိယာနှင့် ၁၅ ကီလိုမီတာ အကွာအဝေးတွင် တည်ရှိသဖြင့် တိုက်ပွဲကြောင့် ယင်းဒေသရှိ ရှမ်း၊ ကချင်၊ တရုတ် လူမျိုးများ တရုတ်ပြည်တွင်း ဒုက္ခသည်အဖြစ် ခိုလှုံနေရသည်။

သံလွင်မြစ်ပေါ်မှ တာဆန်း၊ ဟတ်ကြီးဆည် တည်ဆောက်မည့်နည်းတူ ကွမ်းလုံဆည် တည်ဆောက်ဖြစ်ပါက ကိုး ကန့်လက်နက်ကိုင်အဖွဲ့နှင့် ရွာများပြောင်းရွှေ့ခံရမည်ဟု စိုင်းခေးဆိုင်က ပြောသည်။

“လုပ်ဖြစ်ရင် ဒီအဖွဲ့ကို အရင်ရှင်းမယ်။ ရှင်းလို့ ပြဿနာရှိလာရင် ပြည်သူလူထုတွေ ကြားထဲက ပြေး ရမယ့်သူ ရှိသလို သေမယ့်လူက သေရမယ်။ ပြောင်းရွေ့တဲ့လူတွေက ပြောင်းရွှေ့ရမယ်၊ တိုက်ပွဲတွေ ဖြစ်လာရင် တိုက်ပွဲကြားသေဆုံးရမယ်။ သစ်တောခုတ်လို့ သဘာဝပတ်ဝန်းကျင် ထိခိုက်မယ်။”

ကွမ်းလုံဆည် စီမံကိန်းကို တရုတ်အစိုးက ရပ်ဆိုင်းမပေးသည့်တိုင် ဆည်တည်ဆောက်မည့် ကုမ္ပဏီနှင့် အစုရှယ် ယာရှင်များက ၎င်းတို့တောင်းဆိုမှုကို လက်ခံလိမ့်မည်ဟု မျှော်လင့်ထား သည်ဟု စိုင်းခေးဆိုင်က ဆက်ပြော သည်။

၇၁၁၀ မီဂါ၀ပ် အင်အားရရှိမည့် ကွမ်းလုံဆည်ရေအားလျှပ်စစ် စီမံကိန်းမှ ၂၄၀၀ မီဂါ၀ပ်ကို တရုတ်နိုင်ငံ ယူနန် ခရိုင်က အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပြီး ကွမ်းလုံဆည်စီမံကိန်းကို မြန်မာ အစိုးရနှင့် တရုတ် အစိုးရတို့က ၂၀၀၇ ခုနှစ်တွင် စတင်ကာ ၂၀၀၈ မေလတွင် ကွင်းဆင်း လေ့လာမှုများ ပြုလုပ်ခဲ့သည်။

ကွမ်းလုံဆည်စီမံကိန်းကို တရုတ်နိုင်ငံရှိကုမ္ပဏီနှစ်ခုမှ တာဝန်ယူတည်ဆောက်မည်ဖြစ်ပြီး သံလွင်မြစ်တလျှောက် ရှိ တာဆန်း၊ ဟတ်ကြီး၊ မုန်းတား၊ ၀ဲကြီးနှင့် ဒါးဂွင်ဆည်များ တည်ဆောက်ရန် တရုတ်၊ထိုင်းနှင့် မြန်မာအစိုးရတို့ သဘောတူ လက်မှတ်ရေး ထိုးထားသည်။

Most read this week