စစ်အစိုးရတပ်များ လှုပ်ရှားမှုအပေါ် ကချင်ဒေသခံလူထု စိုးရိမ်ထိတ်လန့်

စစ်အစိုးရတပ်များ လှုပ်ရှားမှုအပေါ် ကချင်ဒေသခံလူထု စိုးရိမ်ထိတ်လန့်
by -
ဇော်ကြီး
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့်် လိုင်ဇာဒေသတဝိုက်တွင် ယခုရက်ပိုင်းအတွင်း စစ်အစိုးရတပ် လှုပ်ရှားမှုများ ကြောင့် ပြည်သူများစိုးရိမ်ထိတ်လန့်မှုများ ဖြစ်နေသည်ဟု ဒေသခံများ ကပြော ...

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့်် လိုင်ဇာဒေသတဝိုက်တွင် ယခုရက်ပိုင်းအတွင်း စစ်အစိုးရတပ် လှုပ်ရှားမှုများ ကြောင့် ပြည်သူများစိုးရိမ်ထိတ်လန့်မှုများ ဖြစ်နေသည်ဟု ဒေသခံများ ကပြောသည်။

ဗန်းမော်မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်း၌ ယခုရက်ပိုင်းအတွင်းစစ်တပ်မှကားများ လှည့်လည်သွားလာမှု များပြားနေပြီးပေါ်တာဆွဲမည့်သတင်းများ ထွက်ပေါ်နေသည့်အတွက် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြသည်ဟု ယမန်နေ့ညက အဖြစ်အပျက်နှင့်ပတ်သက်၍ ဒေသခံအမျိုးသမီးတဦးက ယခုလိုပြောသည်။

“လက်ဖက်ရည်ဆိုင်မှာ ဘော့လုံးပွဲတွေပြတာ ခေတ်စားတော့လေ ယောကျာ်းလေးတွေ တော်တော် များများက လက်ဖက်ရည်ဆိုင်မှာ ဘော့လုံးပွဲကြည့်ရင်းထိုင်ကြတာဝိုင်းမဆံ့ လောက်အောင်ထိုင်ကြ တာပေ့ါနော်။ အဲ့မှာ စစ်ကားလာရပ်တော့ထွက်ပြေးကြတာပေ့ါ။ ဖမ်းတော့ မဖမ်းသွားပါဘူး။ ဒါပေမယ့် ကြောက်ပြီးထွက်ပြေးကြတာပေ့ါ။”

အခြားအမျိုးသမီးတဦးကလည်း ယမန်နေ့ညက လမ်းဘေးပလက်ဖောင်းတွင်ထိုင်၍ လေညှင်းခံနေကြသည့် လူ ငယ်သုံးဦးကလည်း စစ်တပ်မှ ပေါ်တာဖမ်းသည်ထင်၍ ထွက်ပြေးခဲ့ကြသည်ဟု မောင်ဖြစ်သူက ပြောကြောင်း ယခုလိုပြောသည်။

“သူတို့က ပလက်ဖောင်းပေါ်မှာထိုင်နေကြတာတဲ့။ အဲ့မှာစစ်ကားကလာရပ်ပြီးကားပေါ်က စစ်သားတွေ ဆင်းလာတာလည်းမြင်ရော ထွက်ပြေးလာခဲ့ကြတယ်တဲ့။”

မြို့ရွာအတွင်း၌ ကချင်ပြည်လွတ်မြောက်ရေးတပ်မတော်(ကေအိုင်အေ)မှဒေသတွင်းရှိ ကချင် အမျိုးသားများကို ရွေးချယ်၍ စစ်သားစုဆောင်းမှုများပြုလုပ်နေသည်ဟုလည်း ၎င်းကဆက် ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်၍ စစ်သားစုဆောင်းခြင်းမဟုတ်ဘဲ ကချင်ပြည်နယ်တဝှမ်းလုံးရှိ ကေအိုင်အိုတပ်ဖွဲ့ဝင်ဟောင်း များအားပြန်လည်ခေါ်ယူနေခြင်းသာဖြစ်သည်ဟု ကေအိုင်အို မှအမည်မဖော်လိုသည့်တပ်မှူးတစ်ဦးက ပြောသည်။

“ဗန်းမော်မှာပဲ မဟုတ်ဖူး။ အရင်တုန်းက ဒီစစ်သားဟောင်းတို့ ဒီစီပေးလိုက်တဲ့ဟာတွေ အကုန်လုံး ပြန် စုနေတာ။”

ယခုရက်ပိုင်းအတွင်း စစ်အစိုးရတပ်များ ကေအိုင်အိုဌာနချုပ်အနီးလဂျားယန်ရွာတွင် လာရောက် စခန်းချထားကာ နေ့စဉ်အင်အားဖြည့်တင်းနေပြီးလောလောဆယ် အင်အား ၅၀၀ ခန့်ရောက်ရှိနေပြီး ဒေသခံရွာသားများ ထွက်ပြေး ကုန်သည်ဟု ဒေသခံတဦးက ပြောသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းကလွန်ခဲ့သည့် ဧပြီလ ၂၈ ရက်နေ့က ကေအိုင်အို အဖွဲ့အား နယ်ခြားစောင့်တပ်ဖွဲ့ရန် အကြောင်းကြားခဲ့သည်။

လွန်ခဲ့သည့် သြဂုတ်လအတွင်းက ကိုးကန့်တပ်ဖွဲ့များကို စစ်အစိုးရမှ တိုက်ခိုက်ခဲ့သည့် အပေါ်အခြေခံ၍ ကေအိုင် အို အပေါ် စစ်ရေးအရ ဖိအားပေးလာပြီး တိုက်ပွဲများ ဖြစ်ပွားလာမည်ကို ဒေသခံများကစိုးရိမ်နေကြသည်။

Most read this week