ရခိုင်ပြည်နယ် စစ်တွေ-ဘူးသီးတောင် သင်္ဘောလမ်းကြောင်းတွင် ထမင်းတက်ရောင်းပြီး သင်္ဘောပေါ်မှ ရေထဲသို့ ခုန်ချပြီး မိမိကျေးရွာသို့ ရေကူးပြန်သည့် အထဲတွင် အမျိုးသမီးပါ ပါ၀င်လာသည်ဟု သိရသည်။
“အရင်ကတော့ စစ်တွေ- ဘူးသီးတောင် သင်္ဘောလမ်းကြောင်းမှာ ရသေ့တောင်၊ စဖိုကျွန်းနဲ့ ညောင်ချောင်း ဆိပ်ကမ်းတွေက သင်္ဘောစီး ခရီးသည်တွေကို ထမင်းတက်ရောင်းပြီး သင်္ဘောပေါ်က ခုန်ချ ပြန်တဲ့ အထဲမှာ ယောကျင်္ားလေးတွေကိုဘဲ တွေ့ရပါတယ်။ အခုက အမျိုးသမီးတွေပါ သင်္ဘောပေါ်ခုန်ချပြီး ရေကူးပြန်တာကို တွေ့လာရပါတယ်။ တော်တော် စိတ်မချမ်းသာစရာပါဘဲ” ဟု ခရီးသည် တဦးက ပြောသည်။
ရခိုင်ပြည်နယ် အတွင်း ဘူးသီးတောင်နှင့် မောင်တောသို့ သွားရောက်လိုလျှင် စစ်တွေ- ဘူးသီးတောင် ရေလမ်းကြောင်းကို အသုံးပြုရပြီး စစ်တွေမှ မေယုမြစ်အတိုင်း ဆန်တက်ပြီး သင်္ဘောများဖြင့် သွားလာရသည်။
သင်္ဘောလမ်းကြောင်းမှာ မိုင် ၁၀၀ ခန့်ရှည်လျားသဖြင့် နံနက် ၈ နာရီမှ စတင်ထွက်သော နိုင်ငံတော်ပိုင် သင်္ဘောများမှာ ညနေ ၅ နာရီခန့်မှ ဘူးသီးတောင် ဆိပ်ကမ်းသို့ ရောက်ရှိ ဆိပ်ကပ်လေ့ရှိသည်။
အဆိုပါ ရေလမ်းကြောင်းတွင် ခရီးသွားသူ အလွန်များပြားသဖြင့် ဓညဝတီ သင်္ဘော (၁)၊ (၂)၊ (၃) အပြင် အောင်တံခွန် သင်္ဘော အမှတ် (၁) မှ (၆)ထိ သင်္ဘောများဖြင့် နေ့စဉ် ပြေးဆွဲကြရသည်။
စစ်တွေ ဘူးသီးတောင် သင်္ဘောလမ်းကြောင်းမှာ ရှည်လျားလှသော သင်္ဘောလမ်းကြောင်း ဖြစ်ပြီး လမ်းခရီး တလျောက်တွင် ခြေတော်ရာ၊ ရသေ့တောင်၊ စဖိုကျွန်းနှင့် ညောင်ချောင်း ဆိပ်ကမ်းများတွင် သင်္ဘောများမှ ဆိပ်ကပ်သည်။
ထိုသို့ ဆိပ်ကပ်ရာတွင် ရသေ့တောင်၊ စဖိုကျွန်းနှင့် ညောင်ချောင်း ဆိပ်ကမ်းများမှ ထမင်းရောင်းသူ အမျိုးသမီးများနှင့် ကလေးငယ်များ အနေဖြင့် ထမင်းထုပ်များကို ပလစတစ်အိတ်များဖြင့် ထုပ်ပြီး သင်္ဘောပေါ်တွင် တက်ရောက် ရောင်းချကြသည်။
သင်္ဘောများမှာ လူတင် လူချ အချိန်လောက်သာ ဆိ်ပ်ကပ်ပြီး အချိ်န်များများ ဆိပ်ကပ်ခြင်း မရှိသဖြင့် ထမင်းရောင်းနေသူများမှာ သင်္ဘောပေါ်တွင် လိုက်ပါသွားကြပြီး ထမင်းထုပ် ရောင်းပြီးသည်နှင့် သင်္ဘောပေါ်မှ ခုန်ချပြီး ကမ်းစပ်သို့ ရေကူး ပြန်ကြသည်။
သင်္ဘောခုတ်မောင်း နေချိန်တွင် ရေကူးပြန်သဖြင့် တချို့ ထမင်းရောင်းသူများမှာ သင်္ဘော ရေပတ်ထဲသို့ ပါ၀င်သွားပြီး သေဆုံးမူများလည်း ရှိသည်ဟု သိရသည်။
သို့သော်လည်း အဆိုပါ သင်္ဘောပေါ်တွင် ထမင်းရောင်းသော စနစ်မှာ ပျောက်ကွယ် မသွားသည့် အပြင် ယခုအခါ အမျိုးသမီးများပါ ပါ၀င်လာပြီး ထမင်းရောင်းပြီးလျှင် သင်္ဘောပေါ်မှ ခုန်ပြီး ကမ်းစပ်ကို ရေကူး ပြန်နေကြသည်။
“လူတွေက ထမင်းငတ်လာတော့ သမုဒ္ဒရာ ၀မ်းတထွာအတွက် နည်းမျိုးစုံနဲ့ ရုန်းကန်နေကြရတာ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေ ဟန့်တားပေမယ့်လည်း ခဏ တဖြုတ်သာ တားလို့ ရပါတယ်။ အိုးမှာ ဆန်မရှိတော့ လူတွေက အသက်သေရမှာ မကြောက်တော့ဘဲ ရတဲ့နည်းတွေနဲ့ ဘဝကို ဖြေရှင်းလာကြရတာ ဖြစ်ပါတယ်” ဟုသူက ဆက်ပြောသည်။
ထိုကဲ့သို့ ရခိုင်ပြည်နယ်အတွင်း ပြည်သူများ အနေဖြင့် စီးပွားရေး ကျပ်တည်းမူကြောင့် အခက်အခဲမျိုးစုံ အန္တာရယ်မျိုးစုံ ဖြင့် ရင်ဆိုင်နေရသော်လည်း မြန်မာ့ နအဖ စစ်အစိုးရမှ ရခိုင်ပြည်နယ်မှာ နအဖ လက်အောက် နှစ်ပေါင်း (၂၀) အတွင်း အထူး ဖွံ့ဖြိုး တိုးတက်လာခဲ့သည်ဟု နအဖ စစ်အစိုးရပိုင် သတင်းစာ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားများမှ နေ့စဉ် သတင်းများ ထုတ်ပြန်လျှက် ရှိသည်။