ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် လုံခြံုရေးများ တိုးချထား

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် လုံခြံုရေးများ တိုးချထား
by -
နွယ်လေး
မြန်မာစစ်အစိုးရတပ်များနှင့် အပစ်ရပ်ကိုးကန့်တပ်ဖွဲ့ ပြီးခဲ့သည့်ရက်တွင်း တိုက်ပွဲဖြစ်ပွားချိန်မှ စပြီး ရှမ်းပြည်အရှေ့ ပိုင်း တာချီလိတ်မြို့တွင် လုံခြံုရေးများ တိုးမြှင့်ချထားသည်ဟု ဒေသခံများ က ပြော ...

မြန်မာစစ်အစိုးရတပ်များနှင့် အပစ်ရပ်ကိုးကန့်တပ်ဖွဲ့ ပြီးခဲ့သည့်ရက်တွင်း တိုက်ပွဲဖြစ်ပွားချိန်မှ စပြီး ရှမ်းပြည်အရှေ့ ပိုင်း တာချီလိတ်မြို့တွင် လုံခြံုရေးများ တိုးမြှင့်ချထားသည်ဟု ဒေသခံများ က ပြောသည်။

လုံခြံုရေး တိုးချထားမှုကြောင့် ဒေသခံလူထု အထိတ်တလန့်ဖြစ်နေသည်ဟု စစ်တပ် အသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“ဟိုးမှာ စဖြစ်တည်းက တပ်အားလုံး standby (အဆင့်သင့်အနေအထား) ဒီဝန်ထမ်း တွေကအစ ရဲ တွေ လုံခြံုရေးတွေ ညဆို ကားတွေနဲ့ ပတ်တယ်။ အကုန်လုံး standby အသင့်အနေအထားရှိတယ်။ လူထုတွေကလည်း ထိ်တ်ထိတ်လန့်လန့်နဲ့ ဆန်တွေပဲ စုပြီး အိမ်မှာပဲ လောင်ရမလိုလို ဖြစ်နေတယ်”

ယမန်နေ့တွင် ခမရ ၃၅၉ မှ စစ်ကားသုံးစီး မိုင်းဆတ်သို့ ထွက်ခွာသွားသည့်ပြင် လွယ်တော်ခမ်းပူးပေါင်းဂိတ်တွင် လုံခြံုရေးအင်အား တိုးမြှင့်ချထားပြီးစစ်ဆေးနေသည်ဟု ၎င်းက ယခုလိုဆက်ပြောသည်။

“လွယ််တော်ခမ်းဂိတ်မှာ အဝင်အထွက်ကားတွေ အထူးစစ်ဆေးနေတယ်။ အထူးသဖြင့် ဒီ“၀” ကားတွေ ၀င်လာမယ်ဆို လက်နက်တွေ ဘာတွေရှာတယ်။ ပါလာရင် ဂိတ်မှာ အပ်ခဲ့ရတယ်။ တာချီလိတ်ကနေ မိုင်းဆတ်သွားမယ့်ကားဆိုလဲ သေချာစစ်တယ်။”

တာချီလိတ်ရှိသည့် တပ်ရင်းအမှတ် (၅၂၆ )၊ (၃၃၁)၊ (၃၅၉) တို့သည် ကျိုင်းတုံ တြိဂံတိုင်း တွင် သွားရောက် စုစည်းရမည်ဖြစ်ပြီး အခြားတပ်အသစ်များ အစားထိုး ပြန်ဝင်လာမည်ဟု ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“အသွားအလာ မှတ်ပုံတင် မပါရင်နည်းနည်း ကြပ်တယ်။ တာချီလိတ်မြို့တဝှိုက်ထဲမှာ ရဲကော စစ်တပ် ကော လုံခြံုရေး အပြည့်ချထားတယ်။ လောလောဆယ် ဘာမှတော့ မထူးသေးဘူး။ ဒါပေမယ့် ကျနော် တို့ ထင်တာ အဲတပ်ပြောင်းမလားလို့ပေါ့။”

ယမန်နေ့တွင် ဦးစိုင်းလင်း ခေါင်းဆောင်သည့် အထူးဒေသ(၄) မှ တပ်ဖွဲ့များသည် မိုင်းလား ဒေသတွင် ပြန်လည် နေထိုင်ပြီး အိမ်ထောင်စုဇယား မရှိသည့် မြန်မာလူမျိုးများကို ယမန့်နေ့ တွင် မောင်းထုတ်ခဲ့သည်ဟု အခြား ဒေသခံတစ်ဦး ပြောသည်။

“မိုင်းလားဘက်မှာတော့ စောင့်ကြည့်နေတဲ့ အနေအထားပဲ ရှိသေးတယ် သူတို့လဲ။ တချို့က ပြည်တွင်း က လာတဲ့သူကျတော့ မောင်းထုတ်တယ်။ တချို့ကျတော့ SPDC ရဲ့ လူပါမှာစိုးလို့ ပေါ့။”

စစ်အစိုးရတပ်ဖွဲ့များနှင့် ကိုးကန့်တပ်ဖွဲ့တို့ တိုက်ပွဲများကြောင့် စစ်အစိုးရတပ်များကို  တြိဂံတိုင်း ရှိလက်အောက်ခံ တပ်များအားလုံးကို လိုအပ်လျှင် ချက်ချင်းတိုက်ခိုက်နိုင်ရန် တပ်လှန့်ထားသဖြင့် လက်ရှိအခြေအနေသည် တင်း မာ နေဆဲဖြစ်ပြီး ယခုထက်ပိုမို ထူးခြားလာမည်ဟု ရှမ်းပြည်တပ်မတော်-တောင်ပိုင်းမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုး လောဝ်ဆိုင်က သုံးသပ်ပြော ဆိုသည်။

“နအဖက ဥက္ကဌ ဦးဖုန်ကျားရှင် ကို လိုက်ရှာနေတယ်လို့ပြောပါတယ်။ ဦးဖုန်းကျားရှင် ဘယ်ရောက်နေ တယ်ဆိုတာ ဘယ်သူမှ ဖြေကြားနိုင်ခြင်း မရှိသေးဘူး။ နအဖ ခန့်မှန်းခြေအရ ဦးစိုင်းလင်းက သူ့ သားမက်ဆိုတော့ ဦးဖုန်ကျားရှင်က သူ့နားရောက်လာ မလားလို့။ အကယ် လို့ ရောက်လာသည်ရှိသော် လက်မခံဖို့ နအဖက ဖိအားပေးထားတဲ့ ပုံစံမျိုး တွေ့ရတယ်။”

ပြီးခဲ့သည် သြဂုတ်လ ၂၇ ရက်နေ့တွင် ကိုးကန့်ဒေသအတွင်း ကိုးကန့်နှင့် မြန်မာစစ်တပ် ကြား တိုက်ပွဲများဖြစ်ပွား ခဲ့ပြီး ဒေသခံ သုံးသောင်းကျော် တရုတ်ပြည်တွင် စစ်ပြေးဒုက္ခသည်အဖြစ် ထွက်ပြေးခိုလှုံခဲ့သည်။

ကိုးကန့်တပ်ဖွဲ့ဝင် ရ၀၀ ခန့် တရုတ်အစိုးရထံတွင်း လက်နက်အပ်နှံပြီး ဒုက္ခသည်အဖြစ် ခံယူပြီးနောက် တိုက်ပွဲဖြစ် ပွားမှု ရပ်တန့်ခဲ့သည်။

Most read this week