အပစ်ရပ်အဖွဲ့နှင့် ရဲတပ်ဖွဲများ ပူးပေါင်းပြီး ဂိတ်ကြေးကောက်

အပစ်ရပ်အဖွဲ့နှင့် ရဲတပ်ဖွဲများ ပူးပေါင်းပြီး ဂိတ်ကြေးကောက်
by -
ခွန်အောင်မြတ်
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်ရှိ အပစ်ရပ်ပအို၀်းအဖွဲ့ နှင့် ရဲပူးပေါင်းပြီး လမ်းပြုပြင်ရန်ဟု ပြောကာ ကျေး ရွာသားများနှင့် ကားသမားများထံ ငွေကြေး ကောက်ယူနေသည်ဟု ဒေသခံများက ပြော ...

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်ရှိ အပစ်ရပ်ပအို၀်းအဖွဲ့ နှင့် ရဲပူးပေါင်းပြီး လမ်းပြုပြင်ရန်ဟု ပြောကာ ကျေး ရွာသားများနှင့် ကားသမားများထံ ငွေကြေး ကောက်ယူနေသည်ဟု ဒေသခံများက ပြောသည်။

တောင်ကြီးမြို့တောင်ဖက် မြို့ပြင်ထွက်ဂိတ်တွင် ပအို၀်းအမျိုးသားအဖွဲ့ချုပ်(ပီအဲန်အို)၊ ပအို၀်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး တောင်ကြီး-ကျောက်တလုံး လမ်းပြင်ရန်ဟု အကြောင်းပြပြီး ကားတစီးလျှင် ကျပ် ငွေ ၂၀၀၀ မှ ၄၀၀၀ အထိ ကောက်ခံနေသည်ဟု ကားသမားတဦးက ပြောသည်။

“ရမယ့်ကားခနဲ့ ကုန်ကျမယ် ဆီစျေးတို့ နောက်ပြီးတော့ ပေးဆောင်ရမယ့် ဂိတ်ကြေးတို့ ဒါက အဆန်မ တန်များတဲ့အခါကျတော့ ကားခနဲ့ပြန်ပြီး မကာမိတဲ့အခါကျတော့ ကားသမားတွေ တောင်ကြီးကို သိပ် မတက်လိုကြတော့ဘူး။ စျေးသုံး စျေးဝယ် ကုန်ကြမ်းတွေအတွက်ရော ရောင်းဖို့အတွက် ရွာသားတွေ အတွက် တော်တော် ဒုက္ခရောက် နေကြတယ်။ အဲဒါတခုပေါ့နော်။ ဒီ တောင်ကြီးမြို့ကနေ စပြီးတော့ ကျောက်တလုံးမြို့အထိ တအိမ်ကို သုံးထောင် မထည့်မနေရ သူတို့ အဲလိုကောက်ခံနေတာရှိတယ်။ ခုန ဂိတ်ကြေးနဲ့ တအိမ်သုံးထောင် ကောက်တယ်ဆိုတာက တောင်ကြီးကနေကျောက်တလုံးအထိ ကား လမ်းပြင်ဖို့ဆိုပြီး သူတို့အကြောင်းပြတယ်။ ဒီနေ့အထိတော့ အဲဒီကားလမ်းက ဘာမှဖြစ်မလာသေးဘူး။ ပိုက်ဆံတွေ ကောက်ခံတဲ့ လူကြီးတွေကပဲ တိုက်အိမ်တို့ အကောင်းစားတွေတို့ ၀ယ်နေကြတယ်။”

ငွေကြေးများကောက်ခံမှုကြောင့် ဒေသခံများ အခက်အခဲများနှင့် ရင်ဆိုင်နေကြ ရပြီး ယခုကိစ္စ နှင့်ပတ်သက်၍ တိုင်ကြားရန် နေရာမရှိဟု ဒေသခံ တဦးက ပြောသည်။

“နောက်ပြီးတော့ လူထုတွေရဲ့ အမြင်မှာက အဲဒီ ပီအဲန်အိုက ရဲနဲ့ပူးပေါင်းပြီးတော့ ပိုက်ဆံ ကောက်ခြင်း အားဖြင့် ၂၀၁၀ ကျရင် ပီအဲန်အိုတွေက အထူးရဲအနေနဲ့ပဲ ရှိတော့မယ်။ ဘာမှ လှုပ်ရှားပိုင်ခွင့်လည်း မရှိတော့ဘူး။ ဆိုတဲ့အခါကျတော့ ၂၀၁၀ မတိုင်ခင်မှာ သူတို့အတွက် ကောင်းစားရေး ရရှိသွားအောင် ကောင်းစားရေးအတွက် သူတို့ဒီလို လမ်းပြုပြင်ဖို့ အတွက် အကြောင်းပြပြီး ရွာသားတွေကို ပိုက်ဆံ ကောက်တယ်လို့ ရွာသားတွေက အဲလို မြင်ကြတယ်။”
တောင်ကြီးမြို့နှင့် ကျောက်တလုံးမြို့ကြားတွင် ကျေးရွာပေါင်း (၂၀၀) ကျော်၊ အိမ်ခြေပေါင်း နှစ်သောင်းခန့်ရှိသည်။

ယင်းကျေးရွာများရှိ ဒေသခံများသည် ပီအဲန်အိုနှင့် မြန်မာ့ရဲတပ်ဖွဲ့များကို လစဉ် အကောက် အခွန် သုံးခါထက် မနည်းပေးဆောင်ရပြီး တခါလျှင် အနည်းဆုံး ကျပ်ငွေ ၁၀၀၀ အထက်ပေးရသည်ဟု ရွာသားများက ပြောသည်။

ဦးအောင်ခမ််းထီဦးဆောင်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်သည့် မြန်မာစစ်အစိုးရနှင့် ၁၉၉၁ ခုနှစ်တွင် အပစ် ခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။ အပစ်ရပ်ပြီးနောက် ကျောက်မြတ်ရတနာတူးဖော် ရေး ကုမ္ပဏီ၊ ဘိလပ်မြေစက်ရုံ အပါအဝင် စီးပွားရေးလုပ်ဆောင်ခွင့် အတော်များများ ရရှိထားသည့် အဖွဲ့ဖြစ်သည်။

ပီအဲန်အိုအား အထူးရဲတပ်ဖွဲ့ အသွင်ပြောင်းရန် သဘောတူထားသည်ဟု သတင်းရရှိသော်လည်း သီးခြား အ တည်ပြုချက် မရသေးပေ။

Most read this week