ကျေးရွာ မီးသတ် တပ်ဖွဲ့များ ရခိုင်ပြည်နယ် အနှံ့ဖွဲ့စည်းနေ

ကျေးရွာ မီးသတ် တပ်ဖွဲ့များ ရခိုင်ပြည်နယ် အနှံ့ဖွဲ့စည်းနေ
ရခိုင်ပြည်နယ်တွင် မြို့နယ်တိုင်း မြို့နယ်တိုင်းတွင် မီးသတ် တပ်ဖွဲ့များကို ကျေးရွာ အဆင့်မှ နေပြီး စတင် ဖွဲ့စည်းနေကြောင်း သတင်း ရရှိသည်။ ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာမှ အမည်မဖေါ်လိုသူ ကျောင်းဆရာ တဦးက ရသေ့တောင်မြို့နယ်တွင် ကျေးရွာအလိုက် ...

ရခိုင်ပြည်နယ်တွင် မြို့နယ်တိုင်း မြို့နယ်တိုင်းတွင် မီးသတ် တပ်ဖွဲ့များကို ကျေးရွာ အဆင့်မှ နေပြီး စတင် ဖွဲ့စည်းနေကြောင်း သတင်း ရရှိသည်။

ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာမှ အမည်မဖေါ်လိုသူ ကျောင်းဆရာ တဦးက ရသေ့တောင်မြို့နယ်တွင် ကျေးရွာအလိုက် မီးသတ် တပ်ဖွဲ့ ဖွဲ့စည်းနေကြောင်းကို ယခုကဲ့သို့ ပြောသည်။

“ကျွန်တော်တိ်ု့ဆီမှာ ကြံ့ဖွတ် အတွင်းရေးမှူး ဦးသိန်းထွန်း ကိုယ်တိုင် မြို့နယ် မီးသတ် ဦးစီးဌာနက အရာရှိတွေနဲ့ လာရောက် ဖွဲ့စည်း နေပါတယ်။ တရွာကို ဆယ်ယောက်ကျနုန်းနဲ့ ဖွဲ့စည်းတာပါ။ ကူတောင်လို ရွာကြီးရင်တော့ ၁၅ ယောက်နုန်းနဲ့ ဖွဲ့စည်းပါတယ်။ ”

ယခုအခါ ရသေ့တောင်မြို့နယ် တောင်ပိုင်း မစဲကျွန်းက ကူတောင်၊ ကံပြင်၊ ဥဂ္ဂါ၊ ရွှေလောင်းတင်၊ မြင့်ဂါ၊ စစ်ကိုင်း၊ ညောင်ပင်လယ်စသော ကျေးရွာများတွင် ဖွဲ့စည်းသွားပြီ ဖြစ်ကြောင်း သိရသည်။

“သူတို့ အဓိက ပြောနေတာကတော့ မီးဘေးကာကွယ်ရေးထက် နို်င်ငံတော် ကာကွယ်ရေး အရံအင်အား အနေနဲ့ ဖွဲ့စည်းတဲ့ သဘောပါ။ မီးသတ် တပ်ဖွဲ့ဝင်တွေက သင်တန်းတက်ရမယ်။ ယူနီဖေါင်း တူညီ ၀တ်ရမယ်။ အဲဒီတော့ မီးသတ်လို့ ဆိုပေမယ့် အစိုးရက တိုက်ရိုက်ကိုင်တွယ်ပြီး အုပ်ချုပ်ထားတယ်ဆိုတော့ သူတို့ကို ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲအတွက် ချိန်ရွယ်ပုံရပါတယ်။ မီးသတ် တပ်ဖွဲ့တွေနဲ့ ကျေးရွာတွေမှာ အင်အားပြမယ့် သဘောဖြစ်မယ် ထင်ပါတယ်။ ” ဟု ပြောသည်။

မြန်မာနယ်စပ် မောင်တောမြို့နယ်တွင် ကျေးရွာအလိုက် မီးသတ်တပ်ဖွဲ့များ ဖွဲ့စည်းသွားပြီ ဖြစ်သော်လည်း ယခုတခါ ၀န်ထမ်းများကို မီးသတ်ထဲ ၀င်ရမည်ဟု ဆိုကာ အသက် ၃၅ နှစ်အောက် ၀န်ထမ်း စာရင်းကို ကောက်ယူနေကြောင်း အစိုးရ ဌာနမှ ၀န်ထမ်း တဦးက ယခုကဲ့သို့ပြောသည်။

“ဌာနတိုင်း အသက် ၃၅ နှစ် ၀န်ထမ်းစာရင်းတွေကို ကောက်ယူ သွားပါတယ်။ မီးသတ်တပ်ဖွဲ့ထဲကို ၀င်ရမယ်လို့ ပြောပါတယ်။ စာရင်းတွေကို ကောက်ယူပြီးစီးသွားပြီ ဖြစ်တဲ့အတွက် ၀န်ထမ်း မီးသတ်တပ်ဖွဲ့ဆိုပြီး များမကြာမှီ ပေါ်လာတော့မှာ ဖြစ်ပါတယ်။ ”

ယခုအခါ နအဖ တာဝန်ရှိသူများက ရခိုင်ပြည်နယ်တွင် ပြည်သူ့ စစ်တပ်ဖွဲ့များကို နို်င်ငံတော် အရံအင်အား အဖြစ် စနစ်တကျ ဖွဲ့စည်းနေသကဲ့သို့ မီးသတ်တပ်ဖွဲ့များကိုလည်း ကျေးရွာ ရပ်ကွက် အလိုက် ဖွဲ့စည်းနေသဖြင် ပြည်သူများ အနေဖြင့် ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း သုံးသပ် ပြောဆိုနေကြသည်ဟု သိရသည်။

Most read this week