ကြက်ဆူပင်စိုက် လုပ်အားပေး တအိမ်တယောက် ဆင့်ခေါ်

ကြက်ဆူပင်စိုက် လုပ်အားပေး တအိမ်တယောက် ဆင့်ခေါ်
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ အောင်မြေ(၁)ရပ်ကွက်တွင် ယမန်နေ့က ကြက်ဆူပင်စိုက်ရန် ရပ်ကွက် အာဏာ ပိုင်များက တအိမ်တယောက်ဆင့်ခေါ်ခဲ့သဖြင့် မိုးရွာထဲတွင် လုပ်အားပေး လိုက်ကြရသည်။ ...

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ အောင်မြေ(၁)ရပ်ကွက်တွင် ယမန်နေ့က ကြက်ဆူပင်စိုက်ရန် ရပ်ကွက် အာဏာ ပိုင်များက တအိမ်တယောက်ဆင့်ခေါ်ခဲ့သဖြင့် မိုးရွာထဲတွင် လုပ်အားပေး လိုက်ကြရသည်။

မနက်(ရ)နာရီမှ ညနေ(၄)နာရီအထိ ကြက်ဆူပင်စိုက် လုပ်အားပေးခဲ့ကြရပြီး နေ့လည်ပိုင်း ကိုယ့်အိမ် ကိုယ်ပြန် ထမင်းစားချိန်မှ လွဲ၍ တနေကုန် မိုးရွာထဲတွင် လုပ်ခဲ့ကြရသည်ဟု လုပ်အားပေးခဲ့ရသူ တဦးက ပြောသည်။

“မိုးရွာကြီးထဲမှာ လုပ်ကြရတာ။ ကြက်ဆူပင်က အောင်မြေ(၁)ရပ်ကွက်က ဝိုင်းမော်မြို့မှ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်နားက ကားလမ်းဘေးတလျောက်မှာ စိုက်ရတယ်။ မြေနေရာက လေး-ငါး ဧက လောက်ရှိမယ်။ တယောက်ကို အပင် သုံး-လေးရာလောက်စိုက်ရမယ်ထင်တယ်။ အဲဒါကို ဝါးတွေနဲ့ ပြန်ကာပေးရတယ်။ ဥပုသ်နေ့လည်းဖြစ်တော့ ကျောင်းပိတ်ထားတော့ ကျောင်းသားတွေလည်းလာ တယ်။ သက်ကြီးရွယ်အိုတွေလည်း လာတယ်။ အားလုံး အောင်မြေ (၁)ကဘဲ လူအင်အား ခုနှစ်ဆယ် လောက် ရှိမယ်။”

ယခုကြက်ဆူပင်လုပ်အားပေးမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့်တလခန့်က ဝိုင်းမော်အနီး တရုတ်တောင် တောင်ကုန်းတွင် ကြက်ဆူပင်လုပ်အားပေးအား ဝန်ထမ်းများနှင့်အတူ ရပ်သတ္တ တပတ်ကျော်နှစ်ပတ်အထိ လုပ် အားပေးလိုက်ခဲ့ကြရသည်ဟု သူက ပြောသည်။

“ကြက်ဆူပင်လုပ်အားပေးက နောက်လည်း လုပ်ရဦးမှာ။ အတင်းအဓမ္မပေါ့ကွာ။ ဒီနေ့ဆိုရင် မိုးဒီ လောက်ရွာနေတာ အဲလောက်ထိ မလုပ်ရဘူးလေ။ ရယကတွေ ဘာတွေက နောက်လည်း ကြက်ဆူ ပင်ကို မစိုက်မနေရ လုပ်နေဦးမှာ။ တရုတ်တောင်မှာဆိုရင် လူကြီးမျက်နှာယူတာပေါ့။ ပြောမယ်ဆိုရင် လူကြီးတယောက်က ပင်စင်ယူတော့မှာ။ ပင်စင်မယူခင်မှာ မျက်နှာရချင်တာနဲ့ လူတွေကို ဝိုင်းခေါ်ဆွဲ ထည့်ပြီး ခိုင်းနေတာ။”

ကြက်ဆူအစေ့မှ ဇီဝလောင်စာဆီထုတ်ယူရေးဟု စစ်အစိုးရ၏ စီမံကိန်းအရ မြန်မာတနိုင်ငံလုံးတွင် နေရာအနှံံ့ အပြား၌ လမ်းဘေးဝဲယာများတွင်သာမက နေအိမ်ရှေ့များတွင်ပါ ကြက်ဆူပင် စိုက်ခိုင်းခဲ့သည်။

ကြက်ဆူစေ့မှ ဆီထုတ်ယူပြီး စက်အင်ဂျင်မောင်းသည့် သရုပ်ပြမှုများ သတင်းစာများတွင် ဖေါ်ပြနေသော်လည်း မြန်မာပြည်တွင်း၌ အသုံးပြုနေသည့် မော်တော်ယာဉ်နှင့် စက်အင်ဂျင် ယန္တယားတို့မှာ ဓာတ်ဆီ၊ ဒီဇယ်၊ စီအင် ဂျီဓာတ်ငွေ့ တို့ကိုသာ သုံးစွဲနေရသေးသလို ကလေး ငယ်များ ကြက်ဆူသီးစားမိ၍ မူးဝေအော့အန်သည့် သတင်း များလည်း မကြာခဏ ထွက်ပေါ် နေသဖြင့် မြန်မာပြည်လူထုမှာ စစ်အစိုးရ၏ ကြက်ဆူပင် စိုက်ပျိုးရေး စီမံ ကိန်းအပေါ် ဝေဖန်ရှုတ်ချနေကြသည်။

Most read this week