နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁၀၀၀ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်

နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ကို အင်အား ၁၁၀၀၀ ဖြင့် ရခိုင်တွင် တိုးချဲ့ ဖွဲ့စည်းမည်
by -
မင်းအောင်
နအဖ စစ်အစိုးရမှ ရခိုင်ပြည်နယ်တွင် ပြည်သူ့စစ် တပ်ဖွဲ့ဝင် အရေအတွက်ကို အင်အား ၁၁၀၀၀ ထိ တိုးမြှင့်ပြီး နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ အဖြစ် ဖွဲ့စည်းသွားမည် ဖြစ်သည်။ ရခိုင်ပြည် တဝန်းလုံးတွင် ယခင်က ဖွဲ့စည်းထားသော ပြည်သူ့စစ် အင်အားမှာ ၆၉၀၀ ကျော်ရှိ ...

နအဖ စစ်အစိုးရမှ ရခိုင်ပြည်နယ်တွင် ပြည်သူ့စစ် တပ်ဖွဲ့ဝင် အရေအတွက်ကို အင်အား ၁၁၀၀၀ ထိ တိုးမြှင့်ပြီး နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ အဖြစ် ဖွဲ့စည်းသွားမည် ဖြစ်သည်။

ရခိုင်ပြည် တဝန်းလုံးတွင် ယခင်က ဖွဲ့စည်းထားသော ပြည်သူ့စစ် အင်အားမှာ ၆၉၀၀ ကျော်ရှိပြီး ယခုအခါ ၁၁၀၀၀ အထိ တိုးချဲ့ဖွဲ့စည်းသွား မည်ဖြစ်ကြောင်း စစ်တပ်နှင့် နီးစပ်သော သတင်းရပ်ကွက်အရ သိရသည်။

အဆိုပါ သတင်းရပ်ကွက်အရ ယခင်က ရခိုင်ပြည်နယ် ကျေးရွာ အများအပြားတွင် ဖွဲ့စည်းထားသော ပြည်သူ့စစ်များကို သာမန် အဆင့်ဖြင့် ဖွဲ့စည်းထားခဲ့သော်လည်း ယခုခါ ထိုအဆင့်ထက် တိုးမြှင့်ပြီး နိုင်ငံတော် အရံ အင်အား အနေဖြင့် ဖွဲ့စည်းမည် ဖြစ်ကြောင်း ဖေါ်ပြသည်။

ထိုသို့ တဆင့်တက် ဖွဲ့စည်းရာတွင် ယခုအခါ မြိ်ု့နယ်တိုင်းရှိ ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များအား နိုင်ငံတော် အရံအင်အား တပ်ဖွဲ့ဝင် ကဒ်ပြားများနှင့်အတူ ယူနီဖေါင်း၊ ဘတ်တံဆိပ်၊ ဦးထုပ်များလည်း ထုတ်ပေးသွားမည် ဖြစ်ပြီး လိုအပ်သော ထောက်ပံ့ကြေးများကိုလည်း ပေးသွားမည် ဖြစ်သည်။

ဇူလိုင်လ ၂၉ ရက်နေ့မှ စပြီး အမ်းမြို့တွင် နိုင်ငံတော် အရံအင်အား ကဒ်ပြားများကို ထုတ်ပေးနေပြီး တခြားမြို့နယ်များတွင် ပြည်သူ့ စစ်တပ် တပ်ဖွဲ့ဝင်များ၏ ကိုယ်ရေး ရာဇဝင်များကို သက်ဆိုင်ရာမှ လိုက်လံ စုဆောင်း ကောက်ခံနေသည်ဟု သိရသည်။

အမ်းမှ ပေးပို့သော သတင်း တရပ်တွင် စစ်အစိုးရမှ ထုတ်ပေးသော နိုင်ငံတော် အရံအင်အား ကဒ်ပြားတွင် ဒုဗိုလ်မှူးကြီ်း မောင်မောင်လွှင်မှ လက်မှတ်ရေးထိုး ထုတ်ပေးထားပြီး တပ်ဖွဲ့အမည်၊ ကိုယ်ပိုင်နံပတ်၊ လိပ်စာနှင့် ကဒ်ကိုင်ဆောင်သူ၏ လက်မှတ် ပါ၀င်သည်ဟု သိရသည်။

နိုင်ငံတော် အရံအင်အား ကဒ်ပြားများကို ရခိုင်ပြည်နယ် တခုလုံးတွင် စက်တင်္ဘာလ ၁၅ ရက်နေ့ကိုနောက်ဆုံးထားပြီး အပြီးသတ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း စစ်တပ် သတင်းရပ်ကွက်က ပြောသည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ်အတွင်း ပြည်သူ့စစ် တပ်ဖွဲ့ဝင်များကို နိုင်ငံတော် အရံအင်အား အဖြစ် စနစ် တကျ တိုးချဲ့ ဖွဲ့စည်းခြင်း၏ ရည်ရွယ်ချက်ကို အတိအကျ မသိရသေးသော်လည်း ၂၀၁၀ ခုနှစ် ရွှေးကောက်ပွဲအတွက် ကြိုတင် ပြင်ဆင်ခြင်း ဖြစ်နိုင်သည်ဟု လေ့လာ သုံးသပ် တဦးမှ ပြောသည်။

သို့သော်လည်း နအဖ စစ်အစိုးရမှ ယခု ပြည်သူ့စစ်များကို ဖွဲ့စည်းရခြင်းမှာ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး စီမံကိန်း စီမံချက် အရ ဖွဲ့စည်းခြင်း ဖြစ်ပြီး အဆိုပါ စီမံကိန်းတွင် အချက် (၅) ချက်ကို အဓိက အခြေခံထားသည်ဟု အမည် မဖေါ်လိုသူ ပြည်သူ့ စစ်အဖွဲ့ဝင် တဦးက ပြောသည်။

ထိုအချက် (၅) ချက်မှာ ပညာရေး၊ စီးပွားရေး၊ လူမူရေး၊ ကျန်းမာရေးနှင့် လုံခြံုရေးတို့ ဖြစ်ပြီး ပြည်သူ့စစ်များကို နိုင်ငံတော် အရံအင်အား အဖြစ် ဖွဲ့စည်းခြင်းမှာ လုံခြံုရေး အရ ဖြစ်သည်ဟု သူက ပြောသည်။

ရခိုင်ပြည်နယ် ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များကို အင်အား အလုံးအရင်းဖြင့် ဖွဲ့စည်းထားခဲ့သော်လည်း နယ်စပ် ဒေသမှ အပ တခြား တပ်ဖွဲ့ဝင်များကို လက်နက် ပေးကိုင်ခြင်း မရှိဟု သိရသည်။

Most read this week