ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို

ပြည်ခိုင်ဖြိုး ကဒ်ကိုင်ဆောင်သူများ အမျိုးသားမှတ်ပုံတင် မလို
ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာရာတွင် အမျိုးသား မှတ်ပုံတင် ကဒ်ပြား (သို့မဟုတ်) သက်ဆိုင်ရာ ကျေးရွာ ရပ်ကွက် ကောင်စီများမှ ထုတ်ပေးသော ခရီးသွားလာခွင့် စာရွက်များကို ကိုင်ဆောင်ပြီး ခရီးသွားလာရ ...

ရခိုင်ပြည်နယ်အတွင်း ခရီးသွားလာရာတွင် အမျိုးသား မှတ်ပုံတင် ကဒ်ပြား (သို့မဟုတ်) သက်ဆိုင်ရာ ကျေးရွာ ရပ်ကွက် ကောင်စီများမှ ထုတ်ပေးသော ခရီးသွားလာခွင့် စာရွက်များကို ကိုင်ဆောင်ပြီး ခရီးသွားလာရသည်။

အဆိုပါ အထောက်အထား စာရွက်များ ပါမှ သင်္ဘော လက်မှတ်နှင့် ကားလက်မှတ်များကို ၀ယ်ယူ၍ ရသလို စစ်ဆေးရေး ဂိတ်များတွင်လည်း အနှောင့်အယှက် မရှိ ဖြတ်သန်း သွားလာ နိုင်သည်ဟု သိရသည်။

အထူးသဖြင့် နယ်စပ် မောင်တောနှင့် ဘူသီးတောင်မြို့နယ်များတွင် ခရီးသွားလာခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပြီး အမျိုးသား မှတ်ပုံတင် ကဒ်ပြား မပါလျှင် ခရီးသွားရန် မလွယ်ကူကြောင်း သိရသည်။

သို့သော် ဒေသဆိုင်ရာ အာဏာပိုင်များက ပြည်ခိုင်ဖြိုး အဖွဲ့ဝင် ကဒ်ပြားများ ကိုင်ဆောင်ပြီး ခရီးသွားလာသူများကို အမျိုးသား မှတ်ပုံတင် ကဒ်ပြား ပြစရာ မလိုဘဲ ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များ အပါအဝင် ရခိုင်ပြည်နယ်တွင် ခရီးသွားလာခွင့် ပြုပေးထားသည်ဟု သိရသည်။

သို့အတွက် ဘူးသီးတောင်နှင့် မောင်တောတွင် ပြည်ခိုင်ဖြိုးထဲသို့ ၀င်ရောက်သူမှာ အထူးများပြားနေသည်ဟု သိရသည်။

မောင်တောက ကျောင်းသူ တဦးက “အမျိုးသားမှတ်ပုံတင်ကဒ် လုပ်ရတာက မောင်တောမှာ တော်တော် ခက်ခဲပါတယ်။ ပိုက်ဆံ သောင်းဂဏန်းအထက် မကုန်ရင် မရပါဘူး။ တခါ တခါ ပိုက်ဆံပေးရင်တောင်မှ မရဘဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကျောင်းသား ကျောင်းသူ အများစုကတော့ ပြည်ခိုင်ဖြိုး အဖွဲ့ထဲကို အရင် ၀င်လိုက်ပါတယ်။ ပြည်ခိုင်ဖြိုး ကဒ်ရရင် ခရီးသွားလာလို့ ရသလို အမျိုးသားမှတ်ပုံတင် ကဒ်လုပ်ရတဲ့ အခါလည်း အထူး လွယ်ကူပါတယ်။ ပြည်ခိုင်ဖြိုး ကဒ်ကိုင်ပြီး နိုင်ငံသား ကဒ်လုပ်ရင်လည်း လုပ်ရတာ အထူး လွယ်ကူတဲ့အတွက် လူတိုင်းက နိုင်ငံရေးကို မစဉ်းစားဘဲ ပြည်ခိုင်ဖြိုး အဖွဲ့ကို ၀င်လိုက်ကြပါတယ်။ ဆယ်တန်းအောင် ဘွဲ့ရလို့ အလုပ်လျှောက်ရင်လည်း ပြည်ခိုင်ဖြိုး အဖွဲ့ဝင် မဟုတ်ရင် ကျွန်မတို့ဆီမှာ အလုပ်မရပါ” ဟု ပြောသည်။

သို့သော်လည်း ဘူးသီးတောင်နှင့် မောင်တော အထက်တန်း ကျောင်းများတွင် မူဆလင် ကျောင်းသားများကိုမူ ပြည်ခိုင်ဖြိုးထဲ ၀င်ခွင့် မပြုဟု သိရသည်။

Most read this week