နအဖ စစ်တပ်၏ ဆန်နှင့် တပ်သားသစ် လှဲလှယ်ရေး အစီအစဉ် အောင်မြင်မူရနေ

နအဖ စစ်တပ်၏ ဆန်နှင့် တပ်သားသစ် လှဲလှယ်ရေး အစီအစဉ် အောင်မြင်မူရနေ
by -
မင်းအောင်
အိန္ဒိယ နယ်စပ်နှင့် ကပ်နေသော ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် နအဖ စစ်တပ်မှ မိသားစုများသို့ ဆန်နှင့် ငွေပေးပြီး တပ်သားသစ် စုဆောင်းနေသော စီမံကိန်းမှာ အောင်မြင်မူ ရနေသည်ဟု သတင်းရရှိ ...

အိန္ဒိယ နယ်စပ်နှင့် ကပ်နေသော ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် နအဖ စစ်တပ်မှ မိသားစုများသို့ ဆန်နှင့် ငွေပေးပြီး တပ်သားသစ် စုဆောင်းနေသော စီမံကိန်းမှာ အောင်မြင်မူ ရနေသည်ဟု သတင်းရရှိသည်။

အမည်မဖေါ်လိုသူ အရပ်သား တဦးက အိန္ဒိယ နယ်စပ် သရော်အိုင်ကျေးရွာမှ ရခိုင်လူငယ် ၆ ဦးမှာ စစ်တပ်မှ မိသားစုများသို့ ငွေနှင့် ဆန်ထုတ်ပေးပြီးနောက် များမကြာမှီက နအဖ စစ်တပ်ထဲသို့ ၀င်ရောက် သွားသည်ဟု ပြောသည်။

နအဖ တပ်ထဲ ၀င်ရောက် သွားသည့် လူငယ် ၆ ဦးမှာ ဦးသိန်းအောင်၏သား ဘိုဝင်းထွန်း(၁၈) နှစ်၊ ဦးချင်းခိုင်၏သား အောင်အောင်သန်း (၁၈)နှစ်၊ ဦးမောင်ကျော်၏သား ကျော်ကျော်ဝင်း (၁၈)နှစ်၊ ဦးအောင်ထွန်းဦး၏သား အောင်သိန်း (၂၀)နှစ်၊ ဦးချင်းချေ၏သား ဖိုးသိန်းကျော် (၁၈) နှစ်နှင့် ဦးအောင်ထွန်းခိုင်သား မောင်လုံး (၁၇) နှစ်တို့ဖြစ်ကြသည်။

အစားအစာ ရှားပါးမှုကို အခွင့်ကောင်းယူပြီး နအဖ စစ်တပ် တပ်ရင်းများမှ အိန္ဒိယ နယ်စပ် အနီးတွင် နေထိုင်သော ရခိုင်၊ ချင်း၊ မြိုနှင့် ခမီး စသည့် လူငယ်များကို စည်းရုံးနေသည့် အတွက် ရခိုင်လူငယ် ၆ ဦး ယခုကဲ့သို့ စစ်တပ်ထဲကို ၀င်ရောက်သွားခြင်းဖြစ်သည်ဟု သူက ပြောသည်။

အဆိုပါ လူငယ်များထဲမှ တချို့မှာ ပလက်ဝမြို့နှင့် သရော်အိုင်ကျေးရွာအကြား ပြေးဆွဲနေသည့် စက်လှေများတွင် အငှားလိုက်နေ သူများဖြစ်ကြပြီး ရလာသော လစာဖြင့် မိသားစု စားဝတ်နေရေးကို မဖြေရှင်းနိုင်ဘဲ ရှိနေကြသည့် လူငယ်များ ဖြစ်ကြသည်ဟု သိရသည်။

ယခု တပ်ထဲ ၀င်ရောက်သွားသူများမှာ ပညာအရည် အချင်း ၃ တန်းထိသာ ရှိသူများဖြစ်ကြပြီး ထိုအထဲမှ မောင်လုံးမှာ လုံးဝ ကျောင်းမနေဖူးသူ ဖြစ်ကြောင်း သိရသည်။

သူတို့ ၆ ဦးကို ယခုအခါ ပလက်ဝ တပ်ရင်း ၂၈၉ သို့ ပို့ဆောင်လိုက်ပြီး ပလက်ဝမှ တဆင့် စစ်တွေစုဆောင်းရေးသို့ ပို့ဆောင်သွားမည် ဖြစ်သည်ဟု သိရသည်။

လွန်ခဲ့သော ရက်အနည်းငယ် ကလည်း အဆိုပါဒေသအတွင်း ခမီးအမျိုးသား လူငယ်များကို ဆန်ပေး စည်းရုံးသည့်အတွက် ပြင်တိုင်း ကျေးရွာမှ လူငယ် (၃) ဦးမှာ စစ်တပ်ထဲသို့ ၀င်ရောက်သွားကြသည်။

၀င်ရောက်သွားသော လူငယ် (၃) ဦးမှာ ဦးကိုးရစ် (ကွယ်လွန်) ၏သား ပြိုအောင် (အသက် ၂၁ နှစ်)၊ ဦးအိုလံ (ကွယ်လွန်) ၏သား ထွန်းလင်း (၁၉ နှစ်) နှင့် ဦးကြီးဒေါင်၏သား ရာမူ ( ၂၀) တို့ ဖြစ်သည်။

ယခုအခါ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အသက်၁၈ နှစ်နှင့် ၂၅ နှစ်အတွင်း လူငယ်များ၏ စာရင်းကို ဒေသခံ စစ်တပ် တပ်ရင်းများ ကောက်ယူနေသဖြင့် လူထုအတွင်း စိုးရိမ်မူများ အထူးတိုးပွားနေသည်ဟု သိရသည်။

Most read this week