ဘူးသီးတောင် အခြေစိုက် စကခ ၁၅ တခုတည်းတွင် ပိုင်ငွေ သိန်းပေါင်း ၁၃၀၀ ရှိ

ဘူးသီးတောင် အခြေစိုက် စကခ ၁၅ တခုတည်းတွင် ပိုင်ငွေ သိန်းပေါင်း ၁၃၀၀ ရှိ
by -
မင်းအောင်
ရခိုင်ပြည်နယ် ဘူးသီးတောင် အခြေစိုက် အမှတ် (၁၅) စစ်ဆင်ရေး ကွပ်ကဲမူ ဌာနချုပ်တွင် ၎င်းတပ်ဖွဲ့ တခုတည်း ပိုင်ဆိုင်ငွေမှာ သိန်းပေါင်း ၁၃၀၀ ကျော်ရှိသည်ဟု အမည် မဖေါ်လိုသူ စကခ (၁၅) ငွေစာရင်း ဌာနမှ တပ်ကြပ်ကြီး စာရေး တဦးက ပြော ...

 
(နိရဥ္စရာ) ရခိုင်ပြည်နယ် ဘူးသီးတောင် အခြေစိုက် အမှတ် (၁၅) စစ်ဆင်ရေး ကွပ်ကဲမူ ဌာနချုပ်တွင် ၎င်းတပ်ဖွဲ့ တခုတည်း ပိုင်ဆိုင်ငွေမှာ သိန်းပေါင်း ၁၃၀၀ ကျော်ရှိသည်ဟု အမည် မဖေါ်လိုသူ စကခ (၁၅) ငွေစာရင်း ဌာနမှ တပ်ကြပ်ကြီး စာရေး တဦးက ပြောသည်။
 
အဆိုပါ တပ်ကြပ်ကြီး စာရေး၏ ထုတ်ဖေါ် ပြောကြားချက်အရ အဆိုပါ သိန်းပေါင်း ၁၃၀၀ ကျော်ထဲမှ စကခ ဌာနချုပ်တွင် လက်ရှိ စုဆောင်း ထားရှိငွေနှင့် စီးပွားရေး လုပ်ငန်းများတွင် လည်ပတ်နေသောငွေမှာ သိန်းပေါင်း ရ၇၅ သိန်းနှင့် ငါးသောင်း ရှိသည်ဟု သိရသည်။
 
ဦးပိုင်လီမိတက် ဘဏ်တွင် လက််ရှိ အပ်နှံထားသော စကခ (၁၅) ဌာနချုပ်မှ ငွေမှာ ကျပ် သိန်းပေါင်း ၅၃၅ သိန်း ခုနှစ်သောင်း ကိုးထောင် ဖြစ်သည်ဟု သူက ပြောသည်။
 
အဆိုပါ ငွေစာရင်းမှာ ဇွန်လ ၃၀ ရက်နေ့ထိ ပြုစုထားသော နှစ်ချုပ် ငွေစာရင်း ဖြစ်သည်ဟု သိရသည်။
 
ဦးပိုင်လီမီတက်ဘဏ်တွင် ရခိုင်ပြည်နယ်တွင် တပ်စွဲထားသော တပ်ရင်း တခုစီမှ အပ်နှံထားသောငွေမှာ သိန်းရာဂဏန်း အထက်တွင်သာရှိသည်ဟု စစ်တွေမှ ဘဏ်ဝန်ထမ်း တဦးမှလည်း အတည်ပြု ပြောကြားသည်။
 
ငွေအနည်းဆုံး အပ်နှံထားသော စစ်တပ် တပ်ရင်းများထဲတွင် ပုဏ္ဍားကျွန်း အခြေစိုက် ခမရ ၅၅၀ လည်းပါ၀င်ပြီး အဆိုပါ တပ်ရင်းမှ ဦးပိုင်လီမီတက် ဘဏ်တွင် အပ်နှံ ထားသောငွေမှာ ကျပ် ၅ ကုဌေ ၅သန်း တသိန််းနှင့် ၆ သောင်းရှိသည်ဟု သူက ပြောသည်။
 
အဆိုပါ အလွန်များပြားသော ငွေကြေးများကို ရခိုင်ပြည်နယ် အခြေစိုက် စစ်တပ်ရင်း တပ်ရင်းများမှ စုဆောင်း ရရှိထားခြင်းမှာ သစ်လုပ်ငန်း၊ ပုဇွန် လုပ်ငန်း၊ အုတ်လုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ လယ်ယာ လုပ်ငန်းများ အပြင် အမျိုးမျိုးသော စီးပွားရေး လုပ်ငန်းများမှ စုဆောင်း ရရှိထားခြင်း ဖြစ်သည်ဟု သိရသည်။
 
ဘူးသီးတောင်မြို့မှ စီးပွားရေး သမားတဦးက ရခိုင်ပြည်နယ်ထဲမှာ အချမ်းသာဆုံး သူများမှာ စစ်တပ် တပ်ရင်းများ ဖြစ်ပြီး အရပ်သား စီးပွားရေး သမားများကို ကန်ထရိုက် အမျိုးမျိုးချပေးခြင်းဖြင့် အဆိုပါ စစ်တပ် တပ်ရင်းများမှာ နှစ်စဉ်ဝင်ငွေ ကုဌေချီ၍ ရရှိနေသည်ဟု ပြောသည်။
 
ရခိုင်ပြည်သူများ လက်ဝယ် ရှိခဲ့သော ငွေအရင်းအနှီးများ အားလုံးမှာ ရခိုင်ပြည်နယ်တွင် တပ်စွဲထားသော စစ်တပ် တပ်ရင်းများနှင့် စကခ၊ စစ်ဗျူဟာ ဌာနချုပ်များ လက်ထဲသို့ ရောက်ရှိသွားသဖြင့် ရခိုင်လူထုမှာ ပိုပြီး ဆင်းရဲတွင်း နက်လာရခြင်း ဖြစ်သည်ဟု သိရသည်။

Most read this week