ကားလမ်း ရထားလမ်းဖေါက်သော်လည်း ရခိုင်လူထု ရေလမ်းကို ဆက်လက် အားကိုးနေရဆဲ

ကားလမ်း ရထားလမ်းဖေါက်သော်လည်း ရခိုင်လူထု ရေလမ်းကို ဆက်လက် အားကိုးနေရဆဲ
ရခိုင်ပြည်နယ်တွင် နဖအ စစ်အစိုးရမှ ရထားလမ်း၊ ကားလမ်း များကို ဖေါက်လုပ်နေသော်လည်း ရခိုင်ပြည်သူ အများစုမှာ ရေလမ်းကိုဘဲ ဆက်လက် အားကိုးနေရဆဲ ဖြစ်သည်။ ယခုကဲ့သို့ အားကိုးနေရခြင်းမှာ နအဖစစ်အစိုးရ အာဏာပိုင်များမှ ဖေါက်လုပ်ထားသော ရခိုင်မှ ကားလမ်း ...

 
ရခိုင်ပြည်နယ်တွင် နဖအ စစ်အစိုးရမှ ရထားလမ်း၊ ကားလမ်း များကို ဖေါက်လုပ်နေသော်လည်း ရခိုင်ပြည်သူ အများစုမှာ ရေလမ်းကိုဘဲ ဆက်လက် အားကိုးနေရဆဲ ဖြစ်သည်။
 
ယခုကဲ့သို့ အားကိုးနေရခြင်းမှာ နအဖစစ်အစိုးရ အာဏာပိုင်များမှ ဖေါက်လုပ်ထားသော ရခိုင်မှ ကားလမ်းများမှာ ပြီးစလွယ် ဖေါက်လုပ်ထားပြီး ခိုင်မာမူ မရှိသဖြင့် မကြာခ ကားတိမ်းမှောက်နေ၍ ဖြစ်သည်ဟု ဒေသခံ ခရီးသွား တဦးက ပြောသည်။
 
" ဒီနှစ် တနှစ်တည်းအတွင်းမှာ ရခိုင်ပြည်နယ် အတွင်း ကားမှောက်တာ အနည်းဆုံး (၁၀) ကြိမ်လောက်ရှိပါပြီ။ သေဆုံးတာကလည်း လူပေါင်း (၅၀) ကျော်နေပါပြီ။ အဲသလို ကားတွေ မကြာခဏ တိမ်းမှောက်နေတဲ့အတွက် လူတွေက ကားနဲ့ ခရီးသွားတာကို ရှောင်ရှားလာပြီး သင်္ဘောတွေနဲ့ဘဲ ခရီးသွားလာကြတာ ဖြစ်ပါတယ်။"
 
ယခုနှစ် ဧပြီလ ၂ ရက်နေ့က အမ်းမြို့နယ်တွင် ရန်ကုန်မှ လာသော ဘုရားဖူး ကားတစီး တိမ်းမှောက်သွားရာ လူပေါင်း ၂၁ ဦးထက်မနည်းသေဆုံးခဲ့ပြီး မေလ ၃ ရက်နေ့က မန္တလေးမှ စစ်တွေသို့ မောင်နှင်လာသော ရွှေပြည်ရခိုင်ကား အမ်းမြို့နယ်တွင် တိမ်းမှောက်ခဲ့သဖြင့် ခရီးသည် (၅) ဦး သေဆုံးခဲ့သည်။
 
အလားတူ နေ့စဉ် ရက်ဆက်ဆိုသလို ကားတိမ်းမှောက် မူများကြောင့် လူသေဆုံးမူများ ဆက်လက် ရှိနေဆဲ ဖြစ်သည်ဟု သတင်းများက ဖေါ်ပြသည်။
 
စစ်တွေမှ အရပ်လူကြီး တဦးကလည်း "အမ်းမြို့နယ်မှာ သာမကပါဘူး။ စစ်တွေနဲ့ ကျောက်တော် အကြားက ကန်စောက်ဆိုတဲ့ နေရာမှာလည်း ကားတွေက မကြာခဏ တိမ်းမှောက်နေတယ်။ အယူသည်းတဲ့ လူတွေကတော့ ကားလမ်း ဖေါက်တာကို နတ်တွေ မကြိုက်လို့ မှောက်သတ် နေတယ်လို့ ပြောနေကြတာပေါ့။ တကယ်တော့ လမ်းတွေက မကောင်းတဲ့အတွက် အခုလို မတော်တဆ ကားတိမ်းမှောက် မူတွေ ဖြစ်နေရတာပါ" ဟု ပြောသည်။
 
ရခိုင်ပြည်နယ်မှာ မိုးများသော ဒေသ တခုဖြစ်ပြီး ကားလမ်းများကို ခိုင်ခိုင်မာမာ တည်ဆောက်ထားခြင်း မဟုတ်သဖြင့် နှစ်စဉ် မိုးရာသီတွင် ကားလမ်းများ ပျက်စီးခြင်း တောင်ပြိုခြင်းများ မကြာခဏ ဖြစ်နေသည်ဟု သိရသည်။
 
ထိုကဲ့သို့ ကားလမ်းများ မကောင်းသဖြင့် ကားနှင့်ခရီးသွား၍ လူအများ သေဆုံးမူများ ရှိနေသဖြင့် ရခိုင်ခရီးသွားများမှာ သင်္ဘောများဖြင့် ပြန်လည်၍ ခရီးသွားလာကြ ခြင်း ဖြစ်သည်။
 
စစ်တွေမှ အရပ်လူကြီးက "နအဖ စစ်အစိုးရက အခု ရထားလမ်း တလမ်းကို ရခိုင်မှာ ဖေါက်လုပ်နေပါတယ်။ ဖေါက်ထားတဲ့ ကားလမ်းကိုတောင် သေချာ မပြုပြင်နိုင်ဘဲနဲ့ရထားလမ်းကို ဖေါက်နေတယ်ဆိုတော့ ၀ မရှိဘဲ ၀ိလုပ် နေတာနဲ့ တူနေပါတယ်။ ရှိနေတဲ့ ကားလမ်းကိုသာ အရင်ကောင်းမွန်အောင် ပြုပြင်ပေးဖို့ နအဖ အာဏာပိုင်တွေကို ပြောချင်ပါတယ်" ဟု ပြောဆိုသွားသည်။

Most read this week