စစ်တွေတွင် လုံခြံုရေး မတင်းကျပ်သော်လည်း ရဲစခန်းများတွင် အင်အား ဖြည့်တင်းထား

စစ်တွေတွင် လုံခြံုရေး မတင်းကျပ်သော်လည်း ရဲစခန်းများတွင် အင်အား ဖြည့်တင်းထား
ရခိုင်ပြည်နယ် စစ်တွေတွင် လုံခြံုရေး မတင်းကျပ်သော်လည်း ရဲစခန်းများတွင် ရဲသားများကို အင်အားဖြည့် တိုးချဲ့ ချထားသည်ဟု သတင်းရရှိသည်။ ဒေါ်အောင်ဆန်းစုကြည်အား သောကြာနေ့တွင် တရားရုံးမှ စီရင်ချက် ချမည် ဖြစ်ရာ စစ်တွေတွင် ထူးခြားမူများ ...

 
ရခိုင်ပြည်နယ် စစ်တွေတွင် လုံခြံုရေး မတင်းကျပ်သော်လည်း ရဲစခန်းများတွင် ရဲသားများကို အင်အားဖြည့် တိုးချဲ့ ချထားသည်ဟု သတင်းရရှိသည်။
 
ဒေါ်အောင်ဆန်းစုကြည်အား သောကြာနေ့တွင် တရားရုံးမှ စီရင်ချက် ချမည် ဖြစ်ရာ စစ်တွေတွင် ထူးခြားမူများ ရှိပါသလားဟု စစ်တွေမြို့ခံ တဦးကို နိရဥ္စရာက မေးမြန်းရာ သူက ယခုကဲ့သို့ပြောသည်။
 
“စစ်တွေမှာ မိုးအရမ်းရွာနေပါတယ်။ လမ်းပေါ်ကို လူထွက်လို့ မရအောင်ထိ မိုးရွာနေပါတယ်။ ခုချိန်ထိ တစုံတရာ ထူးခြားမူကတော့ မရှိသေးပါဘူး။ ဒါပေမယ့်လို့ လူတွေကတော့ ဒေါ်စုကို နအဖ စစ်အစိုးရ ထောင်ချမယ်ဆ်ိုပြီးတော့ ပြောနေကြပါတယ်” ဟု ပြောသည်။
 
တခြား ရဲစခန်းနဲ့့ နီးစပ်သူ တဦးက မေးကြည့်ရာ သူက “ခုရက်ပိုင်း အတွင်းမှာ ရဲသားတွေကို စတန်းဘိုင် (Standby) အနေအထားနဲ့ တွေ့ရပါတယ်။ ညမှာဆိုရင် ညလုံးပေါက် ရဲသားအများအပြားကို ချထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချရင် တခုခု ဖြစ်နိင်တယ်လို့ အာဏာပိုင်တွေက တွက်ဆထားပုံရပါတယ်။ ဒါပေမယ့်လို့ စစ်တပ်နဲ့ လုံထိန်းတွေရဲ့ လူပ်ရှားမူတွေတော့ မတွေ့ ရသေးပါဘူး။” ဟု ပြောသည်။
 
ဆရာတော် ဦးဥတ္တမ ပန်းခြံ၊ ဘုရားကြီးနှင့် လောကာနန္ဒာစေတီတွင် လုံခြံုရေးများမှာမူ ပုံမှန်အတိုင်းရှိနေပြီး လူအများ၏ သွားလာ လှုပ်ရှားမူကို အမြဲမပြတ် စောင့်ကြည့်နေသည်ဟု သိရသည်။
 
တခြား နိုင်ငံရေးနှင့် ဆက်စပ်သူ တဦးမှလည်း ရိုးရိုး အဝတ်ဖြင့် ထောက်လှမ်းရေးများမှာ နိုင်ငံရေး လှုပ်ရှားသူများနှင့် တချို့ ဘုန်းတော်ကြီးကျောင်းများကို စောင့်ကြည့်မူများ ရှိနေသည်ဟု ပြောသည်။

Most read this week