ဖားကန့်ကျောက်စိမ်းတွင်း သေဆုံးသူများကို အစုအပြုံလိုက် မြုပ်နှံ

ဖားကန့်ကျောက်စိမ်းတွင်း သေဆုံးသူများကို အစုအပြုံလိုက် မြုပ်နှံ
ကချင်ပြည်နယ်၊ ကျောက်စိမ်းတွင်းဒေသအတွင်း ရေကြီး၊ မြေပြိုခဲ့စဉ် သေဆုံးခဲ့သူများအား အခုလ(၉)ရက်နေ့ က ဖားကန့်မြို့၊ သချိုင်းကုန်းတွင် စုပြံုမြှုပ်နှံသဂြိုလ်ခဲ့သည်။ ...

 
ကချင်ပြည်နယ်၊ ကျောက်စိမ်းတွင်းဒေသအတွင်း ရေကြီး၊ မြေပြိုခဲ့စဉ် သေဆုံးခဲ့သူများအား အခုလ(၉)ရက်နေ့ က ဖားကန့်မြို့၊ သချိုင်းကုန်းတွင် စုပြံုမြှုပ်နှံသဂြိုလ်ခဲ့သည်။
 
ဖားကန့်မြို့ပါတ်ဝန်းကျင်မှ ရှာဖွေရရှိသည့် အလောင်းများအား ဆေးရုံမှတဆင့် ထော်လာဂျီများဖြင့် တင်ဆောင် ကာ ဘက်ဖိုးခေါ် မြေတူးစက်ဖြင့် ကျင်းများတူး၍ စုပေါင်းမြုပ်နှံလိုက်သည်ဟု ဖားကန့်ဒေသခံ တဦးက ယခုလို ပြောသည်။
 
“အလောင်းကတော့ များတယ်၊ အတိအကျတော့ မသိဘူး။  ဟိုနားကရလာ၊ ဒီနားကရလာနဲ့ ဆေးရုံ မှာ စုပုံထား တဲ့ဟာတွေ၊ ထော်လာဂျီတွေနဲ့သယ်သွားတာ။ အလောင်းတလောင်းစီအတွက် ကျင်းလိုက် တူးဖို့ဆိုတာ ခက်လို့ နေမှာပေါ့။ မတူးနိုင်ကြလို့ ဒီလိုလုပ်တာ။ သေဆုံးသူ အရေအတွက်က တိတိကျ ကျ ဘယ်သူမှ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး။ ရာနဲ့ချီရှိနိုင်တယ်၊
 
မြန်မာအစိုးရပိုင် သတင်းမီဒီယာများတွင်မူ ဖားကန့် မြေပြိုမှုတွင် သေဆုံးသူ ၂၄ ဦးရှိသည်ဟု ဖော်ပြထားသည်၊
 
ကျောက်တူးရာမှ စုပုံထားသည့် မြေစာများပြိုကျခြင်းကြောင့် အလုပ်သမားများ၊ ၄င်းတို့နေထိုင်သော တဲများ မြေပိ ကာ အများအပြားသေဆုံးခဲ့ကြသည်ဟု ဖားကန့် ဒေသခံက ပြောသည်။
 
ဖားကန့်တမြို့လုံး အသုံးပြုသည့် ရေကန်ကြီး ကျိုးပေါက်မှုကြောင့် ရေများ ရုတ်တရက်ကြီးကာ မြေစာများ ပြိုကျ ခြင်းဖြစ်သည်ဟု ၄င်းကဆက်ပြောသည်။
 
“ဖားကန့်ကို ရေပေးနေတဲ့ “တစ်သုံးလုံး” အကျိုးတူကုမ္ပဏီရဲ့ ရေပေးနေတဲ့ ကန်ကြီး တောင်ပေါ်လုပ် ထားတာ။ အဲဒီကန်ကြီး အဲဒီ တနင်္ဂနွေညမှာဘဲ ကျိုးတော့ ရေတွေက ဒလဟောထိုးဆင်းလာတာ။ ကာလီချောင်ဘက်မှာ အများကြီး သေတာ။ လူတွေက ရွံ့တွေအောက်ရောက်သွားတော့ ဘယ်လိုမှ တွေ့နိုင်မှာ မဟုတ်ဘူး။”
 
ဆိုင်းတောင်၊ မံမုံ၊ မရှီးကထောင်း၊ ဖားပြင် ရပ်ကွက်များအားလုံး ရေမြုပ်သွားခဲ့သည်ဟု အဆိုပါ ဒေသခံက ပြော သည်၊၊
 
ဖားကန့်ဒေသများတွင် ကုမ္ပဏီများက စက်ယန္တယားများဖြင့် ကျောက်တူးခဲ့ခြင်းကြောင့် ပထဝီ အနေအထားများ အတော်ပြောင်းလဲခဲ့သည်ဟု ဒေသခံများက ပြောသည်။ စက်ယန္တယားများက တလအတွင်း တောင်များ ပျောက် ကွယ်သည်အထိ တူးနိုင်သလို မြေစာပုံများကလည်း တောင်များသဖွယ်ဖြစ်လာကြသည်ဟု ဒေသခံများက ပြော သည်၊၊ ယင်းသို့ ပထဝီ အနေအထားများပြောင်းလဲခဲ့ခြင်းကြောင့် မြေစာများ ပြိုကျပြီး ချောင်းများပိတ်ဆို့ကာ ရေကြီးခြင်းများလည်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်၊၊

Most read this week