ခွန်ထွန်းဦး ဦးဆောင်သည့် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် များက အမေရိကန် အခြေစိုက် စတဲန်းဖို့တ် တက္ကသိုလ် (Stanford University)မှ ဘွဲ့လွန်တန်း (မဟာတန်း) လေ့လာရေး ကျောင်းသူ ကျောင်းသားများအား မတ် ၂၃ရက်က လက်ခံတွေ့ဆုံကာ လက်ရှိ မြန်မာ့ နိုင်ငံရေးအကြောင်းများ ရှင်းလင်းပြောကြားခဲ့ကြသည်ဟု သိရသည်။
အမေရိကန်နိုင်ငံ ကယ်ရီဖိုးနီးယားပြည်နယ် အခြေစိုက် Stanford University ဘွဲ့လွန်တန်း ကျောင်းသားကျောင်းသူ ၂၄ဦးအား SNLD ဥက္ကဌ ခွန်ထွန်းဦး၊ ဒုတိယ ဥက္ကဌ စိုင်းစောအောင်၊ အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်တို့နှင့်အတူ ပြောရေးဆိုခွင့် စိုင်းလိတ်၊ နိုင်ငံခြားဆက်ဆံရေးနှင့် ပညာရေးဌာနမှူး စိုင်းဆမ်ဖွဏ်ဆိုင်၊ စာရေးဆရာ ခွန်ယုံးချိုတို့ ပါဝင်သော အဖွဲ့က ညနေပိုင်း ၄နာရီမှ ၅နာရီခွဲအထိ ရန်ကုန်မြို့ အလုံလမ်း My Garden Restaurant ၌ လက်ခံတွေ့ ဆုံခဲ့ခြင်း ဖြစ်သည်။
ယင်းတစ်နာရီခွဲခန့် တွေ့ဆုံမှုတွင် အမေရိကန်ကျောင်းသားများအား ခွန်ထွန်းဦးက ထောင်တွင်းရောက် သွားခဲ့ရပုံနှင့် ၎င်း၏ နိုင်ငံရေး ဘဝ ကောက်ကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲအကြောင်းရှင်းပြခဲ့ကြောင်း သိရသည်။ ထို့အပြင် ပြောခွင့်ရ စိုင်းလိတ်က လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးအကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အကြောင်း၊ သျှမ်းပြည် မြစ်ချောင်းများ ကာကွယ် ထိန်းသိမ်းရေးအဖွဲ့ ပြောခွင့်ရ နန်းခမ်းနောင့်က သံလွင်မြစ်ပေါ် တည်ဆောက်မည့်ရေကာတာများအကြောင်းနှင့် ခွန်ယုံးချိုက သျှမ်းပြည်နယ် နှင့် သျှမ်းလူမျိုးတို့ သမိုင်းအကြောင်းများ အသီးသီးရှင်းပြခဲ့ကြသည်။
“SNLD အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်ကနေ Stanford University ကျောင်းသား ကျောင်း သူတွေကို အနောက်တိုင်းက ကျောင်းသားတွေက ဒီနိုင်ငံကို လာရောက်လေ့လာခွင့် ရနေတဲ့အချိန်မှာ ဒို့နိုင်ငံက ကျောင်းသူ၊ ကျောင်းသားတွေကတော့ ဒီမိုကရေစီနိုင်ငံရေးအတွက် တိုက်ပွဲဝင်ရင်း ထောင်ထဲ ရောက်နေကြရတယ်။ ခင်ဗျားတို့ နေရပ်ပြန်ရောက်သွားရင် သူတို့တွေ ပြန်လည်လွတ်မြောက်လာအောင် ကူပြီး တွန်းအားပေးကြပါ။ ကူညီကြပါလို့ ပြောတယ်” ဟု စိုင်းဆမ်ဖွဏ်ဆိုင်က ပြောသည်။
Stanford University ကျောင်းသူကျောင်းသားများသည် မတ် ၂၃ရက် နံနက်ပိုင်းတွင် မြန်မာငြိမ်း ချမ်းရေးစင်တာ (MPC)မှ တာဝန်ရှိပုဂ္ဂိုလ်အား သွားရောက်တွေ့ဆုံခဲ့သေးသည်။ ထို့အတူ မတ် ၂၄ရက်တွင် နေပြည်တော်သို့ ခရီးဆက်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည်ဟု ဆိုသည်။