လွှတ်တော်ကောင်း - အစိုးရကောင်း ဖြစ်ဖို့လိုပါသည်

လွှတ်တော်ကောင်း - အစိုးရကောင်း ဖြစ်ဖို့လိုပါသည်
by -
မောင်ကျော်စွာ

မေတ္တာဖြင့် ပြုမူလျှင် တုန့်လှည်မေတ္တာပြန်ရမည်သာ။ အချစ်ပင်စိုက်ပျိုးလျှင် အချစ်သီးသာသီးမည်။

ဤသည်မှာ ရိုးစင်းသလောက် လှပသည့် မြတ်နိုးဖွယ် တရားတစ်ခုဖြစ်ပါသည်။ “မိမိစိုက်ပျိုးသည့်အတိုင်း ရိတ်သိမ်းရမည်”ဟု ကျမ်းစာလာ စကားလည်းရှိသည် မဟုတ်ပါလား။

သမ္မတဦးသိန်းစိန်အစိုးရအတွက်မှာမူ  ပြည်တွင်းပြည်ပကိစ္စမှန်သမျှ ပြုလုပ်လိုက်တိုင်း အရှက်တကွဲ အကျိုးနည်းစရာတွေချည်း သာ ဖြစ်နေတော့သည်။ ဤသည်မှာ ဘယ်သူမပြု မိမိမှု ဆိုသည့်စကားကဲ့သို့ပင်။ မိမိစိုက်ပျိုးသည့်အတိုင်း ရိတ်သိမ်းရရှိခြင်းသာ ဖြစ်တော့သည်။ အစိုးရ၏ အဓိကလက်သုံးဖြေရှင်းနည်းမှာ အကြမ်းဖက်မှုကို ဗြောင်လိမ်လည်မှုဖြင့် ဖုံးကွယ်ပြီး ဗြောင်လိမ် လည်မှုကို အကြမ်းဖက်မှုဖြင့် ကာကွယ်နေခြင်းသာဖြစ်သည်။ သို့ပါ၍ ရရှိလာသည့် အကျိုးဆက်ရလဒ််များမှာ  လူမျိုးစုံပြည်သူ များ၏ ပိုမို နာကျည်းမုန်းတီးရွံရှာလာမှုနှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း၏ ကဲ့ရဲ့ပြစ််တင် ရှုံ့ချခံရမှုများသာ ဖြစ်နေပါတော့သည်။

President-Thein-Sein-1

ကောင်းတာလုပ်လျှင် ကောင်းတာရရှိမည်၊ မကောင်းတာလုပ်လျှင် မကောင်းတာရရှိမည်။ ဘာမျှ ရှုတ်ထွေးဆန်းကျယ်နေခြင်း မရှိပါ။ ရိုးရိုးကလေးသာ ဖြစ်ပါသည်။ သို့ပါ၍ သမ္မတဦးသိန်းကြံ့ဖွံ့အစိုးရ၏ လုပ်ရပ်များက အထင်အရှား သက်သေပြနေသည်မှာ မကောင်းတာတွေ ပြုလုပ်သဖြင့် မကောင်းတာတွေ ပဲ ပြန်လည်ရရှိနေသည် မဟုတ်ပါလား။

တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများကိစ္စကို ကြည့်မည်လား၊ ကောင်းကျိုးရလဒ် ဖြစ်ပေါ်လာခြင်းမရှိပါ။ မရှိသည့်အပြင် ရရှိထားသည်ဆိုသော “ယုံကြည်မှု”သည်လည်း တင်းမာ၊ ယိမ်းယိုင်ပြီး ဆိုးဝါးတင်းမာလာနေ ပါသည်။ တိုင်းရင်းသားပြဿနာကို တွေ့ဆုံဆွေးနွေးဖြေရှင်းရမည့်အစား လက်နက်အားကိုး၊ လက်နက်မာန်ကြွပြီး ဆင်ကန်းတောတိုး ဖြေရှင်းခဲ့သဖြင့် သူများတိုင်း ပြည် နယ်နိမိတ်ထဲ ဗုံးချမိသဖြင့် သေကျေဒဏ်ရာရမှုတွေဖြစ် ကာ ဝန်ချတောင်းပန်နေရပြီ။ လျော်ကြေးပေးရတော့မည်။ မဆင်မ ခြင် အမိန့်ပေးသူများကို အပြစ်ပေး အရေးယူပြရတော့မည်။

လက်တွေ့တွင်မူ “ပြည်ပ”ကိုသာ ဝန်ချတောင်းပန်ပြီး ပြည်တွင်းပြည်သူများအပေါ်၌ မီးလောင်ဗုံး၊ သေနတ်၊ နံပတ်ဒုတ်၊ ဒိုင်း၊ ဘူ ဒိုဇာ၊ သံဆူးကြိုး၊ အသံချဲ့စက်များဖြင့် အစဉ်အလာမပျက် အကြမ်းဖက်ပြီးရင်း အကြမ်းဖက်နေပါတော့သည်။ “တာဝန်” လက် ပတ်နီပတ်၍ အရပ်ဝတ်ဖြင့်လည်း အကြမ်းဖက်သည်။ ရဲယူနီဖောင်း၊ စစ်ယူနီဖောင်းများဖြင့်လည်း အကြမ်းဖက်နေပါတော့သည်။

သူတပါးတိုင်းပြည်အပေါ် မဆင်မခြင်ပြုမိသဖြင့် ဝန်ချတောင်းပန်ရသကဲ့သို့၊ လျော်ကြေးပေးရသကဲ့သို့ မိမိပြည်သူများအပေါ် နှစ်ပေါင်းများစွာ နည်းလမ်းပေါင်းစုံ အကြမ်းဖက် နိုင်လိုမင်းထက် ပြုမူမှုများအတွက် လည်း ဝန်ချတောင်းပန်မည်၊ လျော်ကြေးပေး မည်ဆိုလျှင် သမ္မတဦးသိန်းစိန် အစိုးရအပေါ် လူမျိုးစုံပြည်သူများ က သာဓု ၂ကြိမ်တော့ အနည်းဆုံး ခေါ်ဖွယ်ရာ ရှိပါသည်။

Parliament-2

လောလောဆယ်တွင် အောင်တံခွန်(၃)သင်္ဘော နစ်မြုပ်မှုတွင် အသက်ဆုံးရှုံးခဲ့ကြရသော ပြည်သူများ အတွက် လျော်ကြေးပေး မည်လော။ သင်္ဘောနစ်မြုပ်ရမှုတွင် အဓိကတာဝန်ရှိသူများကို ဖော်ထုတ်အပြစ်ပေး အရေးယူမည်လော။

အလွတ်သတင်းထောက် ကိုပါကြီး၊ လက်ပံတောင်းတောင်သူဒေါ်ခင်ဝင်း၊ စေတနာ့ဝန်ထမ်း ကချင်ကျောင်းဆရာမလေးနှစ်ဦးတို့ အတွက် ဝန်ချတောင်းပန်ရန်၊ နစ်နာကြေးပေးရန် နိုင်ငံတော်အစိုးရ အနေဖြင့်ဖြစ်စေ၊ တပ်မတော်အနေဖြင့်ဖြစ်စေ အစီအစဉ် ရှိပါ သလား။

ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်သည် ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာလည်း မလုံခြံု၊ တရုတ်နယ်စပ်ဘက်မှာလည်း အန္တရာယ် ရှိသလို၊ ထိုင်းနယ်စပ်ဘက်တွင်လည်း ဒုက္ခကို မျက်မှောက်ပြုနေရဆဲဖြစ်သည်။ တောင်ပေါ်မြေပြန့်၊ အညာအကျေ ဘယ်မှာပဲနေနေ ပြည်သူများ၏ တူညီသော ဘုံဘဝသည် မလွတ်လပ်၊ မအေးချမ်း၊ မလုံမခြံု၊ မပြည့်မစုံခြင်းနှင့် အကြမ်းဖက်ခံနေကြရခြင်းသာ ဖြစ်သည်။

“ဥပဒေ” ဆိုသည်မှာ သူတို့ အကြမ်းဖက်မှုမှန်သမျှ “တရားဥပဒေနှင့်အညီဖြစ်ကြောင်း” သက်သေပြရန်အတွက် ခုတုံးသဖွယ် အသုံးချနေသည့် စကားလုံးမျှသာဖြစ်ပါသည်။ “တရားဥပဒေစိုးမိုးမှု” ဆိုသည်မှာလည်း အစိုးရ၏ အကြမ်းဖက်မှုမှန်သမျှကို ပြည် သူအများက ခေါင်းငုံ့ခံကြရမည်ဟု အဓိပ္ပါယ်ထွက်နေပါတော့သည်။

ကျောင်းသားလူငယ်များ၏ ဘက်သို့လည်း ကြည့်ပါဦးစို့။

ကျောင်းသားသပိတ်ပင်မစစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲခဲ့သည်။ ခွပ်ဒေါင်းအလံကို နင်းချေခဲ့ကြသည်။ ကျောင်းသားစိတ်ဓါတ် သည် မပြိုကွဲခဲ့၊ မယိုင်လဲခဲ့၊ ဖမ်းဆီးရိုက်နှက်ခံရပြီး ပြန်လွှတ် လာသော ကျောင်းသူကျောင်းသားများက သူတို့၏ ဘာမထီစိတ် ဓါတ်၊ အရေးတော်ပုံစိတ်ဓါတ်၊ ခွပ်ဒေါင်းစိတ်ဓါတ်သည် မားမတ်၊ ခိုင်မာ၊ မြဲမြံဆဲဖြစ်ကြောင်း အထင်အရှား သက်သေပြနေကြ သည်။

ထို့အပြင် မူကွဲ၊ အသွင်ကွဲ၊ ခွပ်ဒေါင်းအလံတစ်လက်သည် လွှတ်တော်ထဲ ရောက်ရှိသွားသည်။ ၁၉၈၈နောင်တော်ကျောင်းသား ကျောင်းသူများ၏ “တံတားနီ” အထိမ်းအမှတ်အဖြစ် လွှတ်တော်ထဲမှာပင် တစ်မိနစ်ငြိမ်သက်စွာ အလေးပြုခဲ့ကြသည်။ ဤ ဖြစ်ရပ်သည် သွေးရိုးသားရိုးဖြစ်စဉ်မျှ ဟုတ်ပါရဲ့လော။ သို့တည်းမဟုတ် ကျောင်းသားထုညီညွတ်ရေးကို ပက်ပက်စက်စက် ဖြိုခွဲ လိုက်သည့် လုပ်ရပ်တစ်ခု၏ နိဒါန်းပင်လော။ မိမိစိတ်ကြိုက် မွေးမြူထားသူများကို သိဒ္ဓိတင် ပွဲထုတ်ပေးလိုက်သည့် လုပ်ရပ်တစ် ခု ဖြစ်နိုင်သလော။ ပူးပေါင်းကြံစည်မှုတစ်ခုလော။ လော --- လော --- လော။ စဉ်းစားစရာတွေ များပါသည်။

နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာတည်ရာမှီရာ၊ ဥပဒေမှန်သမျှ ပြုလုပ်ပြဋ္ဌာန်းရာနေရာတစ်ခု ကို ကျောင်းသားလူငယ်များ က လက်ပတ်အနက် ဝတ်ဆင်၊ ခွပ်ဒေါင်းအလံကို ဆွဲကိုင်၊ တံတားနီအရေး အခင်းကို (တားဆီးနှောင့်ယှက်မှု တစုံတရာမရှိဘဲ) ချောမွေ့ပီပြင်စွာ အထိမ်းအမှတ်ပြုသွားကြသည်မှာ တစ်ခန်းရပ်ပြဇာတ်တစ်ပုဒ်ကို ကြည့်နေရသကဲ့သို့ တကယ့်အံ့ဖွယ်ဖြစ်ရပ်ပင် ဖြစ်ပါသည်။ ထိုအံ့ဖွယ်၏နောက်တွင် ပေါ်ပေါက်လာသည့်  သံသယနှင့်မေးခွန်းများသည် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံထက် ကြီးမားပါလိမ့်မည်။ တာဝန်ရှိသူတစ်ဦး၏ “လွှတ်တော်နည်းဥပဒေရှိပါတယ်” ဆိုသည့် “ဝတ္တရားကျေ” ပြောသလော၊ ဥပဒေချိုးဖောက်မှုဟု “ပြစ်တင်သည့်သဘော” ပြောလေသလော မသိရသည့် ပြောဆိုသံကို ရုပ်သံမီဒီယာများမှတဆင့် ကြားလိုက်ရပါသည်။ ထိုသို့ပြောဆိုသူမှာ ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီဟုလည်း ပြောကြပါသည်။

မည်သို့ပင်ဖြစ်စေ ကျောင်းသားများသည် လွှတ်တော်နားရွက်ကို ဆွဲ၍ တံတွေးဆွတ်ခဲ့ပြီ။

မြင်းခြံဂျီတီစီရှေ့မှ နိုင်ငံတော်အလံဖြုတ်ချမှုသည် အချုပ်အခြာအာဏာကို ထိပါးသည်ဆိုခဲ့သော၊ နိုင်ငံတော် အလံဖြုတ်ချ၍ ခွပ် ဒေါင်းအလံတော်တင်ခဲ့သော ကျောင်းသားအပေါ် အညှိုးကြီးစွာဖြင့် ဖမ်းဆီးထားသော အစိုးရသည် လွှတ်တော်ထဲက ဤလုပ် ရပ်ကို အစိုးရက မည်သို့သဘောထားသနည်း။ ပြည်ထဲရေးဝန်ကြီးက မည်သို့ပြောဆိုပါဦးမည်နည်း။

မတ်လ ၅ရက်၊ မတ်လ ၁၀ရက် အကြမ်းဖက်မှုများအတွက် လွှတ်တော်ကြီးက တိတ်ဆိတ်သောရက်စက်မှု ကို ဆောင်နေကြ သည်မှာ အကြမ်းဖက်မှုများကို ထောက်ခံအားပေးသကဲ့သို့၊ လက်ပိုက်ကြည့်နေကြသကဲ့ သို့ ဖြစ်နေပါသည်။ “ရန်သူဖုန်ကြားရှင်”၏ တိုက်ခိုက်မှုကို တခဲနက်ဆန့်ကျင်ခဲ့ကြသော လွှတ်တော်ကြီးသည်၊ အကြမ်းဖက်မှုကို လက်ပိုက်ကြည့်မနေသင့်ပါ။ တရားမဲ့၊ ဥပဒေမဲ့၊ ဥပဒေကို ထင်သလိုလုပ် အသုံးချနေမှုများကို လက်ပိုက်ကြည့်မနေသင့်ပါ။

သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌကြီးများက ဤအပြုအမူအားလုံးကို သည်းခံခွင့်လွှတ်ကျေအေးကြမည်လော။

ဤသို့ဆိုပါလျှင် ကျောင်းသားသပိတ်ပင်မစစ်ကြောင်း အကြမ်းဖက်ဖြိုခွဲခံရမှု၊ ဖမ်းဆီးချုပ်နှောင်ခံထားရမှု အားလုံးအတွက်လည်း သက်ဆိုင်ရာ လွှတ်တော်ဥက္ကဋ္ဌကြီးများက သည်းခံခွင့်လွှတ် ကျေအေးပေးဖို့ လိုပါလိမ့်မည်။ ဤသို့မဟုတ်လျှင်မူ ကျောင်းသား ထုအပေါ် သဘောထားမမှန်တာ ထင်ရှားပေါ်လွင်နေပါလိမ့် မည်။ လွှတ်တော်ရောက် ကျောင်းသား “မောင်ဇေယျာလွင်”၏ ပြော စကားထဲ၌ပင် ကျောင်းသားများကို ခွဲခြားဆက်ဆံနေမှုကို မလိုလားကြောင်း၊ နိုင်ငံတော်အစိုးရ သည် ကျောင်းသားထု ကို သွေးခွဲ နေကြောင်း ပြောဆိုသွားပါသည်။

နိုင်ငံတော်အစိုးရပင်ဖြစ်စေ၊ လွှတ်တော်ပင်ဖြစ်စေ မည်သည့်သွေးခွဲမှုကိုမျှ မပြုလုပ်သင့်ပါ။ တိုက်ရိုက်၊ သွယ်ဝိုက်၊ နောက်ကွယ် မှနေ၍သော်လည်းကောင်း၊ နိုင်ငံပိုင်ရုပ်သံသတင်းစာ စသည့် မီဒီယာများမှသော် လည်းကောင်း၊ ဆိုရှယ်မီဒီယာပေါ်မှသော် လည်းကောင်း စသဖြင့် အားပေးအားမြှောက် မပြုသင့်ပါ။  သွေးထိုး လှု့ံဆော်မှု မပြုသင့်ပါ။ တပည့်လိမ္မာ ဆရာအာပတ်လွတ်၊ ဝိနည်းတတ် ကြက်သတ်ဆိုသည့် ကြောင်သူတော် အပြုအမှုများ မပြုလုပ်သင့်ပါ။ ပြုလုပ်နေမှုများ/ ပြုလုပ်နေသူများရှိလျှင်လည်း ထိထိရောက်ရောက် တားမြစ်ရပါမည်။

Parliament-7

ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို တကယ်တမ်း အကောင်အထည်ဖော်မည်ဆိုလျှင် “ဟုတ်သောအကြံ၊ မှန်သောအကျင့်၊ သင့်သောအယူ၊ ဖြူသောနှလုံး” ကို လေးလေးနက်နက် ကိုင်စွဲပြီး အပြောမဟုတ်၊ လက် တွေ့ ကျင့်သုံးပြသင့်ပါသည်။

စေတနာ၊ မေတ္တာဖြင့် ပြုမူလျှင် စေတနာ၊ မေတ္တာ ပြန်လည်ရရှိပါလိမ့်မည်။ အယောင်ဆောင်စေတနာ၊ အယောင်ဆောင်မေတ္တာ သာ ထားမည်ဆိုလျှင်လည်း အတုအယောင်စေတနာ၊ မေတ္တာတို့သာ ပြန်လည်ရရှိပါ လိမ့်မည်။