ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်မပြန်နိုင် သည့် လောက်ကိုင် ဒေသခံ စစ်ဘေးရှောင် ဒုက္ခသည်ဦးရေ ၂၂၀ ရှိပြီဟု ဒုက္ခသည်များကို လက်ခံစောင့်ရှောက် ပေးနေသည့် လားရှိုးမြို့ရှိ မန်ဆူ(ရှမ်းကျောင်း) ဘုန်းကြီးကျောင်း တာဝန်ခံ မမီးက မဇ္ဈိမကို မတ် ၂၃ရက်တွင် ပြောသည်။
မမီးက “အခု လောက်ကိုင်နေရပ်ကို မပြန်နိုင်တဲ့ ဒုက္ခသည်က များလာပြီ။ တိုက်ပွဲကလည်း ဆက်ဖြစ်နေပါတယ်။ ဒီမှာ လုံခြံုရေးအတွက်လည်း ရဲတပ်ဖွဲ့နဲ့ လုံခြံုရေးတပ်ဖွဲ့တွေရှိပါတယ်”ဟုပြောသည်။
ဖေဖော်ဝါရီ ၉ရက်က စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် လောက်ကိုင်ဒေသခံအချို့နှင့် အခြားရွေ့ပြောင်းလုပ်သားများ မန်ဆူ(ရှမ်းကျောင်း)ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသည်မှာ တစ်လခန့်ရှိနေပြီဖြစ်ပြီး စားသောက် စားရိတ်ကို မန်ဆူ ဘုန်းကြီးကျောင်းက တာဝန်ယူထားခြငး်ဖြစ်သည်။
ဒုက္ခသည််များ စားသောက်ရန် ချက်ပြုတ်မှုကို တာဝန်ယူဆောင်ရွက်ပေးထားသည့် အဖွဲ့ကို တစ်နေ့လျှင် သုံးသိန်း ပေးရပြီး ရိက္ခာအတွက်ကိုမှု လှူဒါန်းသူများရှိသည်ဟု မမီးကဆိုသည်။
မန်ဆူဘုန်းကြီးကျောင်းဂေါပက အဖွဲ့ဝင် အထွေထွေအတွင်းရေးမှူး (၃) ဦးစိုင်းဆီးက “သွားလိုက် လာလိုက်လုပ်နေတဲ့ ဒုက္ခသည်တွေလည်း ရှိပါတယ်။ ရွှေ့ပြောင်းလုပ်သား စစ်ဘေးဒုက္ခသည်တွေကလည်း ရှိပါတယ်။ နေရပ်မပြန်နိုင်တဲ့ စစ်ဘေးဒုက္ခသည် တစ်ချို့က လောက်ကိုင်ဇာတိမဟုတ်ပေမယ့် လောက် ကိုင်ဒေသကို ရောက်နေတာ ၁၀နှစ် လောက်ရှိပြီဆိုတော့ အဲ့ဒီမှာအခြေကျနေကြပြီလေ”ဟုပြောသည်။
မန်ဆူ(ရှမ်းကျောင်း)ဘုန်းကြီးကျောင်းတွင် ခိုလှုံပြီး နေရပ်ပြန်သွားသည့် စစ်ဘေးရှောင်ဒုက္ခသည် ၂၃၇၀၀ဦးအထိ ရှိပြီဖြစ်သည်ဟု မန်ဆူ(ရှမ်းကျောင်း) ဘုန်းကြီးကျောင်း တာဝန်ခံ မမီးက ပြောသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်ရပ်ရေးဆွေးနွေးပွဲတွင် ကိုးကန့်တပ်နှင့် တပ်မတော်တို့ ဖြစ်ပွားနေသည့် တိုက်ပွဲကိစ္စများကို ဆွေးနွေးခဲ့ပြီး နှစ်ဖက်လုံးက စစ်ရေးဖြင့် မဖြေရှင်းဘဲ ငြိမ်းချမ်းစွာ ဆွေးနွေးရန် NCCT ခေါင်းဆောင်များက မေတ္တာရပ်ခံထားသည်။
တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ယူနန်ပြည်နယ် လင်းချန်းခရိုင် မုန်တိမ်မြို့ တာ့ရွှေရှန်းတု ကျေးရွာအနီး ကြံခင်းအတွင်း မြန်မာအစိုးရ စစ်တပ်၏ လက်နက်ကြီး မတ်လ ၈ရက်က ကျရောက်သဖြင့် လူ ၅ဦးသေဆုံးကာ ၈ဦး ဒဏ်ရာရရှိခဲ့သေးသည်။
လောက်ကိုင်ဒေသအတွင်း ဖေဖော်ဝါရီလ ၉ရက်က စတင်ကာ ဦးဖုန်းကြားရှင် ဦးဆောင်သော ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ ခေါ် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် အစိုးရ တပ်မတော်ကြား တိုက်ပွဲများဖြစ်ပွားခဲ့ကာ လက်ရှိအချိန်ထိ တပ်မတော်ဘက်မှ စစ်သည် ၁၀၀ကျော် ကျဆုံးခဲ့ပြီး ၂၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။