စစ်တွေ ရှင်ပြုပွဲများတွင် ဆင်ကို အသုံးပြုလာ

စစ်တွေ ရှင်ပြုပွဲများတွင် ဆင်ကို အသုံးပြုလာ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြုလုပ်သော ရှင်ပြုပွဲများတွင် ပိုမို ခမ်းနားကြီးကျယ်စေရန် ရည်ရွယ်ပြီး ဆင်များကို အသုံးပြုလာကြသည်ဟု သိရသည်။

မတ်လ ၂၁ မှ ၂၂ ရက်နေ့အထိ ပြုလုပ်သော ရှင်ပြုပွဲတစ်ခုတွင် မောင်ရှင်လောင်းများကို ဆင်ပေါ်တင်ကာ မြို့ကိုပတ်ပြီး ရှင်လောင်းလှည့်ခဲ့သည်ဟု သိသည်။

DSC03968

ထိုအကြောင်းနှင့် ပတ်သက်၍ စစ်တွေ ဒေသခံ တစ်ဦးက “ကိုရင်လောင်းနှစ်ယောက်ကို မင်းဝတ်တန်ဆာ အဆောင်အယောင်တွေနဲ့ ရှင်လောင်းလှည့်တဲ့ အခါ ဆင်ပေါ်မှာ စီးနင်း လိုက်ပါလာတာကို တွေ့ရတော့ အထူး အံ့သြရပါတယ်။ ဒါ့အပြင် ဒေဝါ၀င်း၊ ရာဇာဝင်း၊ သိကြား၊ ဗြဟ္မာနှင့် နတ်ဒေဝါ အဝတ်အစားတွေကို ၀င်ဆင်ထားသူတွေက ခြွေရံပြီး စစ်တွေမြို့ လမ်းမကြီးတွင် တခမ်းတနား လှည့်လည်ပြသခဲ့တာဟာ ရှေးရိုးရာ ယဉ်ကျေးမှု တစ်ရပ်ကို ပြန်လည် ဖော်ထုတ်သလိုမျိုး ခံစားရပါတယ်” ဟု ပြောသည်။

ကိုရင်လောင်းများ၏ အဘွားဖြစ်သူ ဒေါ်ဦးသိန်းညွန့်မှ သူများနှင့်မတူ တမူထူးခြားစေချင်ကြောင်း၊ ဆင်နှင့်ဆိုလျှင် ပိုပြီးတင့်တယ်ကြောင်း၊ ဘုရားလက်ထက်ကလည်း ရှင်ပြုသည့်အခါလည်း ဆင်နှင့်ပြုခဲ့သည်ဟု ကြားဖူးကြောင်း၊ ထို့ကြောင့် ဆင်ဖြင့်ပြုရခြင်းဖြစ်ကြောင်း ပြောကြားသည်။

“ငွေကြေးချမ်းသာလို့ ဒီလိုမျိုး ဆင်နဲ့ပြုတာမဟုတ်ပါဘူး။ တိရစ္ဆာန်ထဲမှာ ဆင်ဟာ အထွဋ်အမြတ်ဖြစ်တယ်။ ဆင်နှင့်ပြုတာဟာ သူများထက်ထူးကဲပြီး တခါမှမလုပ်ဖူးတဲ့ အလှူဖြစ်တယ်” ဟု အသက် ၆၇နှစ်အရွယ် ဒေါ်ဦးသိန်းညွှန့်က နိရဥ္စရာသို့ ပြောသည်။

DSC03914

ယင်းရှင်ပြုပွဲ ဖြစ်မြောက်အောင် ပံပိုးကူညီခဲ့သူ ပြည်တွင်း၊ ပြည်ပ သာသနာပြု အလိုတော်ပြည့်ဆရာတော် အရှင် ဒေါက်တာအရိယ ၀ံသကလည်း  “ဒီလိုမျိုး ခမ်းခမ်းနားနား လုပ်ရတာကတော့ ယခု လက်ရှိ မြန်မာတို့ရဲ့ ယဉ်ကျေးမှု ဘယ်လောက်ထိ အဆင့်မြင့်နေပြီလဲ ဆိုတာကို ရခိုင်လူမျိုးတွေ အကဲခတ်မိပြီး၊ အတုယူသင့် တာတွေကို အတုယူနိုင်ဖို့ အတွက် ဖြစ်တယ်”ဟု မိန့်ကြားသည်။

စစ်တွေမြို့ ကျေးပင်ကြီးရပ်ကွက်နေ ဦးအေးထွန်းနှင့် ဒေါ်ခင်ဝင်းတို့က သားနှစ်ယောက်ဖြစ်သော မောင်ပြည့်ဖြိုးဇော်နှင့် မောင်ထက်မြက်အောင်တို့အား စစ်တွေမြို့ အလိုတော်ပြည့်ကျောင်း၌ ရှင်ပြုစဉ် ဆင်ကို အသုံးပြုခဲ့ကြခြင်း ဖြစ်ကာ အသုံးပြုခဲ့သည့် ဆင်အမည်မှာ နုနု ဖြစ်သည်။ ဆင်ပိုင်ရှင်မှာ ရခိုင်ပြည်နယ် သံတွဲမြို့နယ် မြပြင်ကျေးရွာမှ ဦးစိတ်ကြာဖြစ်ပြီး ဆင်ဖြင့်သယ်ယူစရိတ်မှာ အသွားအပြန် သိန်း ၄၀ကုန်ကျသည်ဟု သိရသည်။

Most read this week