သိုင်းပြောင်းပြန်အဖွဲ့၏ နှစ် ၅၀ပြည့် ရွှေရတုအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

သိုင်းပြောင်းပြန်အဖွဲ့၏ နှစ် ၅၀ပြည့် ရွှေရတုအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်
by -
နိရဥ္စရာ

ကမ္ဘောဇနန်းတွင်း သိုင်းပြောင်းပြန်အဖွဲ့၏ နှစ် ၅၀ပြည့် ရွှေရတု အခမ်းအနားကို မတ်လ ၂၂ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့ ဝေသာလီအားကစားကွင်းအနီးရှိ ဝေသာလီအားကစား ခန်းမတွင် ပြုလုပ်ခဲ့ရာ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း တက်ရောက်အားပေး ချီးမြှင့်ခဲ့သည်ဟု သတင်း ရရှိသည်။

၀န်ကြီးချုပ်က အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ပြီး သိုင်းပြောင်းပြန်အဖွဲ့ ရေရှည်တည်တံ့ရေးအတွက် မိမိအနေဖြင့်ဖြစ်စေ၊ ပြည်နယ်အစိုးရအနေဖြင့်ဖြစ်စေ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။

DSC04016

“ရခိုင်ပြည်နယ် တိုးတက်ဖို့၊ အမျိုးဘာသာ၊ သာသနာကို စောင့်ရှောက်ဖို့ဆိုရင် ကျန်းမာကြံ့ခိုင်ပြီးတော့မှ အခုလို ကိုယ်ခံပညာတတ်မြောက်တဲ့ လူငယ်လူရွယ် အမြောက်အများလည်း လိုအပ်ပါတယ်”ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြောသည်။

ယခုကဲ့သို့ ရွှေရတု အခမ်းအနားကို ခမ်းခမ်းနားနား ကျင်းပရသည့် ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ ထူးချွန် ထက်မြက်သည့် ပြည်နယ်လက်ရွေးစင် မျိုးဆက်သစ် အားကစားသမားများ ပေါ် ထွန်းစေရန်၊ ရခိုင်ပြည်နယ် မြို့နယ်အသီးသီးမှ တက်ရောက် သင်ကြားနေကြသည့် ကျောင်းသူ/သားများနှင့် ပြင်ပမှ စိတ်ဝင်စား၍ တက်ရောက် သင်ကြားသည့် အားကစားသမားများ အချင်းချင်း စည်းလုံးညီညွတ်မှုရရှိစေရန်၊ ထူးချွန်ထက်မြက်သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် စသည့် ရည်ရွယ်ချက်များနှင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ်တွင် သိုင်းပြောင်းပြန်ပညာကို မျိုးစေ့ ချပေးခဲ့သူ ဆရာကြီး ဦးရွှေသိန်းက ပြောသည်။

ယင်းအခမ်းအနားတွင် သိုင်းစွမ်းရည်ပြပွဲများပါ တပါတည်း ကျင်းပခဲ့ရာတွင် စစ်တွေမြို့မှ သိုင်းပညာရှင်များအပြင် မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်ဖြူစသော မြို့များမှ သိုင်းပညာရှင်များကလည်း ၄င်းတို့၏ တိုက်စွမ်းရည်များကို ပြသခဲ့သည်။

အမျိုးသားများအပြင် မင်းပြားမြို့နယ်မှ အသက် ၁၄ နှစ်ခန့်ရှိ မသူဇာနွယ် အဌမတန်းနှင့် မအေးငြိမ်းစံ သတ္တမတန်း ကျောင်းသူနှစ်ဦးကလည်း ဓါးကစားကွက်နှင့် ဓါးတိုက်ကွက်များကို ယှဉ်တွဲပြသခဲ့သည်ကို တွေ့ရသည်။

DSC04067

မသူဇာနွယ်သည် မင်းပြားမြို့နယ်၌ပြုလုပ်သော အမျိုးသမီး ၈၀-၉၀ခန့် ပါ၀င်ယှဉ်ပြိုင်သော သိုင်းပြိုင်ပွဲတွင် ပထမ ရရှိထားသူ ဖြစ်သည်။ ယင်းသိုင်း ပြိုင်ပွဲတွင် အမျိုးသမီး အသက် ၁၂ နှစ်မှ ၃၀ ကျော်ထိ ပါ၀င်သည်ဟု သိရသည်။

“ဆရာမကြီးတစ်ယောက် ဖြစ်အောင်ကြိုးစားပါမယ်။ နိုင်ငံအဆင့် ရွှေတံဆိပ်၊ ငွေတံဆိပ် ရအောင်ထိ လေ့ကျင့်သွားပါမယ်။ ပြိုင်ပွဲတွေရှိရင်လည်း ၀င်ရောက် ယှဉ်ပြိုင်ချင်ပါတယ်”ဟု မသူဇာနွယ်က ပြောသည်။

စစ်တွေမြို့မှ လက်ထောက်နည်းပြဆရာ မောင်ငြိမ်းချမ်းကလည်း ဓါး-တုတ် နှစ်ယောက်ချင်းတိုက်ကွက်၊ အလွတ် သုံးယောက်-တစ်ယောက် တိုက်ကွက်များကို ဆက်တိုက်ပြုလုပ်ပြီး သိုင်းစွမ်းရည်နှင့် သက်လုံကို ပြသခဲ့သည်။

“ကျွန်တော် အဌမတန်းနှစ် ၂၀၀၄-၂၀၀၅ က စသင်တာပါ။ ၂၀၁၀ ပိုင်ကြပ်စီးလပ်မှာ ကြေး၊ ၂၀၁၃ ဆီးဂိမ်း မွေထိုင်းမှာ တတိယ ဆုတွေ ရရှိဖူးပါတယ်။ ဒီလို ဆက်တိုက် ပြသနိုင်တာကတော့ စွမ်းရည်ပြပွဲမတိုင်မီ ၁-၂ လ အလိုမှာ ညနေတိုင်း၊ တစ်ပတ်အလိုမှာ မနက်ရော၊ ညနေပါ လေ့ကျင့်ခဲ့လို့ဖြစ်တယ်”ဟု ပြောသည်။

ကမ္ဘောဇ နန်းတွင်းသိုင်းပြောင်းပြန် နှစ် ၅၀ပြည့် ရွှေရတု အခမ်းအနားသို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်၊ ၀န်ကြီးတချို့နှင့် စိတ်ပါ၀င်စားသူ ၁၀၀ခန့် လာရောက်ကြည့်ရှုခဲ့ကြပြီး၊ ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းမှ သိုင်းပြောင်းပြန်အဖွဲ့ကို ငွေကျပ် ၁၀သိန်း ပံပိုးကူညီခဲ့ကြောင်း သိရှိရသည်။

Most read this week