ကေအိုင်အေ နှင့် တပ်မတော်တို့ သုံးရက်မြောက်တိုက်ပွဲဖြစ်ပွားနေ

ကေအိုင်အေ နှင့် တပ်မတော်တို့ သုံးရက်မြောက်တိုက်ပွဲဖြစ်ပွားနေ
by -
မဇ္ဈိမ

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ် (KIA)၏ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၂၇ နယ်မြေအတွင်း မြန်မာ အစိုးရ တပ်မတော်နှင့် မတ်လ ၂၃ရက် နံနက် ၆နာရီက သုံးရက်မြောက် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည်ဟု KIA ကပြောသည်။

မတ်လ ၂၁ရက်မှ စတင်၍ အစိုးရ စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ၂၂ရက်တွင် KIA၏ တပ်စခန်းရှိရာ မန်စီမြို့နယ်  မဒန်ယန်နှင့် ကိုင်ထိပ်ကျေးရွာ အကြားရှိ မထပ်ဒူးခိုကျေးရွာတွင် အစိုးရ စစ်တပ်၏ တိုက်လေယာဉ်ဖြင့် အကြိမ်ပေါင်း ၂၀ကျော် ဗုံးကျဲ တိုက်ခိုက်ခဲ့သလို၊ ၂၃ရက်တွင်လည်း နှစ်ဖက်မြေပြင်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ် သည်ဟု KIA တပ်ရင်း ၂၇ တပ်ရင်းမှူး ဗိုလ်မှူးကြီး ဂျွန်းအောင်က မဇ္ဈိမ ကိုပြောသည်။

“ဒီနေ့လည်း မထက်ဒူးခို ရွာမှာပဲ  မနက် ၆နာရီကနေ ၉နာရီထိ  ထိပ်တိုက်တွေ့လို့ တိုက်နေကြတာ။ ခုတော့ နှစ်ဖက်စောင့်ကြည့်နေကြတယ်။ ခုလောလောဆယ် (၁၁နာရီ) လောက်မှာ မဒန်ယန်လမ်းကနေ အစိုးရစစ်ကြောင်း တစ်ကြောင်း တက်လာတယ်။ ဒီနေ့ မနက်ပိုင်း အစိုးရ  စစ်တပ်က  ကိုင်ထိပ်ကနေ ၁၂၀ မမနဲ့ မဒန်ယန် ၂၉ မိုင်ကနေလည်း လက်နက်ကြီး ၆၀ မမနဲ့ အကြိမ်များစွာ ပစ်နေတယ်”ဟု သူက မဇ္ဈိမ ကိုပြောသည်။

လက်ရှိ KIA တပ်ရင်း ၂၇ နယ်မြေအနီးတစ်ဝိုက် အနည်းဆုံး အစိုးရ၏ တပ်ရင်း ၃ရင်း အင်အား ၂၀၀ခန့်ရှိသဖြင့် အစိုးရ ဘက်မှ ထိုးစစ်ဆင်နေပါက တိုက်ပွဲများ ဆက်လက်ပြင်းထန်မည့် အခြေအနေတွင် ရှိနေသည်ဟု သူကပြောသည်။

မတ်လ ၂၂ရက်က တပ်မတော်ဘက်မှ လေယာဉ်နှစ်စီးဖြင့် သုံးကြိမ်ဗုံးကျဲ တိုက်ခိုက်ခဲ့၍ KIA ဘက်မှ တပ်သားတစ်ဦးဒဏ်ရာရခဲ့ပြီး အစိုးရ တပ်မတော် ဘက်မှတပ်ရင်းမှူး တစ်ဦး ကျဆုံးကာ ၁၀ဦးကျော် ဒဏ်ရာ ရရှိခဲ့သည်ဟု ဗိုလ်မှူးကြီး ဂျွန်းအောင် ကပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၇ရက်မှ စတင်၍ အစိုးရစစ်တပ်က ကြိုတင် စစ်အင်အား စုဆောင်းမှုများရှိနေပြီး နှစ် ဖက်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်နေချိန်တွင် အစိုးရဘက်မှ တိုက်ခိုက်မှုများပြုလုပ်ကာ တပ်စခန်းများအား သိမ်းယူမှုများ ရှိသည်ဟု KIO ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်က သတင်းဌာနများသို့ ပြောဆိုထားသည်။

လက်ရှိတွင် KIA အပါအဝင်    တိုင်းရင်းသား    လက်နက်ကိုင်   အဖွဲ့အစည်း    ၁၆ ဖွဲ့   ပါဝင်သော   တစ်နိုင်ငံလုံး   အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့  (NCCT)နှင့်ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး  လက်မှတ်ရေး ထိုးရန် အတွက် မတ်လ ၁၇ရက်မှ ၂၂ရက် အထိခြောက်ရက် ကြာတွေ့ ဆုံခဲ့ပြီး တစ်ပတ်ခန့် ရပ်နားကာ ထပ်မံဆွေးနွေးကြ မည်ဖြစ်သည်။

Most read this week