ခုနစ်ကြိမ်မြောက် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ သတ်မှတ်နောက်ဆုံးရက် ရောက်ပြီဖြစ်သော် လည်း ဆွေးနွေးရန် ကျန်ရှိနေသဖြင့် ရက်သတ္တပတ် တစ်ပတ်ကြာ ရပ်နားပြီးမှသာ ဆွေးနွေးပွဲ ပြန်လည်ပြု လုပ်မည် ဖြစ်သည်။
စာချုပ်ပါ အချက်များအနက် လေးချက် ဆွေးနွေးရန် ကျန်ရှိနေခြင်းကြောင့် ခေတ္တရပ်နားလိုက်ရခြင်း ဖြစ်ပြီး ထိုအချက်များကို မတ် ၃၀ရက်တွင် ပြန်လည်ဆွေးနွေးကြမည်ဟု နှစ်ဘက်ခေါင်းဆောင်များက ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာတွင် မတ်လ ၂၂ရက်က ပြုလုပ်သည့် ဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။
မြန်မာငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက “ကြားကာလမှာ ဘယ်လိုနေထိုင်မလဲဆိုတဲ့ အချက်တစ်ချက်ပဲ အဓိက ဆွေးနွေးရမှာပါ။ ကျန်တာကတော့ အပိုဒ်ငယ်လေးတွေပဲ ဖြစ်ပါတယ်”ဟု ပြောသည်။
အပစ်အခတ်ရပ်စဲရေး စာချုပ်၏ အခန်း (၆) ပါ “ကြားကာလ”ကို ပြန်လည်ဆွေးနွေးရမည်ဖြစ်ပြီး အခန်း (၃)၊ အခန်း (၄) ပါ အချက်အချို့ကို စာသားပြန်လည် ပြုပြင်ရန်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ကြားကာလ ဆိုသည်မှာ အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုပြီးနောက်ပိုင်း နိုင်ငံရေးဆွေးနွေးစဉ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ မည်သို့နေထိုင်ရမည့် အစီအစဉ်ဖြစ်သည်။
ကြားကာလ အစီအစဉ်နှင့်ပတ်သက်၍ NCCT ကိုယ်စား ဖြေကြားသူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျွန်တော်တို့ ဘက်က ဆန္ဒရှိတာက ပိုနေမြဲ ကြားနေမြဲ နေမယ်။ လက်နက်ကိုင်တပ်ဖွဲ့တွေလည်း သူ့နေရာနဲ့ သူရှိမယ်။ ပြည်နယ်လုံခြံုရေး ဖွံ့ဖြိုးရေးတွေ လုပ်မယ်။ ပြည်ထောင်စု အစိုးရဘက်က ဆန္ဒက ပူးပေါင်းဆောင်ရွက်မယ့် သဘောမျိုးဖြစ်တယ်” ဟု ဆိုသည်။
ခုနစ်ကြိမ်မြောက်ဆွေးနွေးပွဲတွင် အထက်ပါအချက်များ ပြေလည်စွာ ဆောင်ရွက်နိုင်ရေး အတွက် ခေတ္တရပ်နား ထားမည့် ရက်များတွင် တိုင်းရင်းသား လက်နက်ကိုင်များ အချင်းချင်း ပြန်လည်ညှိနှိုင်း ဆွေးနွေးကြရမည်ဟု ၎င်းက ဆိုသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) တို့ မတ်လ ၁၇ ရက်က က စတင်ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။