ကချင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ဝင်များ ဓားများဖြင့် ရန်မူတိုက်ခိုက်ခံရ

ကချင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ဝင်များ ဓားများဖြင့် ရန်မူတိုက်ခိုက်ခံရ
by -
မဇ္ဈိမ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နမ့်မော် မြေစာပုံကျေးရွာတွင် ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ဝင်များအား လူတစ်စုမှ ဓားဖြင့် ခုတ်သဖြင့် ဦးအင်ခန်နော်ဂျာမှာ ဒဏ်ရာပြင်းထန်းစွာရပြီး မြစ်ကြီး နားဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။

မတ်လ ၁၅ရက် ည ၈နာရီဝန်းကျင်တွင် ယင်းကျေးရွာတွင် မူးယစ်ဆေးဝါးရောင်းဝယ်မှုများ များပြားလာသဖြင့် အဆိုပါအဖွဲ့က မူးယစ်ဆေးတိုက်ဖျက်ရန် သွားရောက်စဉ် ရခိုင်လူမျိုးအများအပြား ပါဝင်သော လူအုပ်စုတစ်စုက ဓားဖြင့် လိုက်ခုတ်ခဲ့ခြင်း ဖြစ်သည်။

“ကချင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ကို ဘိန်းရောင်းတဲ့ လူတွေက လွတ်ထားတဲ့လူတွေ၊ ရခိုင်တွေ ပိုများတယ်၊ ဓားကိုင်ပြီး လိုက်ခုတ်တာ။ အဲဒီမှာ မောစီဇာရွာက ဦးအင်ခန်နော်ဂျာရဲ့  ညာဘက်လက်မှာ ထိတဲ့ဒဏ်ရာပြင်းထန်လို့ ဖားကန့်ဆေးရုံက လက်မခံလို့ မြစ်ကြီးနားဆေးရုံကို ပို့လိုက်တယ်” ဟု ကားမိုင်းမြို့မှ နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရ ဆရာဆိုင်းအောင်က ပြောသည်။

ဒဏ်ရာပြင်းထန်သော ဦးအင်ခန်နော်ဂျာအပြင် မော်စီဇာကျေးရွာမှ ဦးအင်လမ်းနော်၊ နမ့်မဖြစ်ကျေးရွာမှ ဦးချမ်းစင်ရမ်၊ ဦးနန်ဂျာဇော်အောင်တို့ သုံးဦးတို့သည်လည်း ဖားကန့်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု ၎င်းက မဇ္ဈိမကို ပြောသည်။

မူးယစ်ဆေးဝါး ရောင်းဝယ်သူများက မူးယစ်ဆေးဝါး သုံးစွဲသူများကို လူမိုက်ငှား၍ ကချင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ကို တိုက်ခိုက်ခြင်း ဖြစ်နိုင်သည်ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

အဆိုပါ ကိစ္စကို လာမည့်ရက်သတ္တပတ်အတွင်း ဖားကန့်မြို့ရှိ ရဲတပ်ဖွဲ့များ၊ တပ်မမှူးများနှင့်အတူ စစ်ဆေးသွားမည်ဟု ဆရာဆိုင်းအောင်က ဆိုသည်။

ကာမိုင်းမြို့တွင်လည်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များကို တိုက်ခိုက်မှုများ မရှိသော်လည်း နုတ်ဖြင့် ခြိမ်းခြောက်ပြောဆိုမှုများရှိသည်ဟု ၎င်းက ပြောသည်။

လက်ရှိ ဖားကန့်မြို့နယ်အတွင်း ဘာသာပေါင်းစုံမှ ခေါင်းဆောင်များ ပါဝင်၍ မူးယစ်ဆေးဝါးတိုက် ဖျက်ရေးကို ပြုလုပ်နေခြင်းကို မလိုလားခြင်းကြောင့် ဖြစ်နိုင်သည်ဟု ဖားကန့်မြို့ခံ ကချင်ပြည်သူ့အသံထုတ်ဖော်ရေး ကော်မတီ၏ ဥက္ကဋ္ဌ ဦးလမောင်လတောင်က မဇ္ဈိမကို ပြောသည်။

ကချင်ပြည်နယ် ဖားကန့်၊ မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်စသည့်မြို့နယ်များနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် ဘာသာရေးပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များ ပါဝင်၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပညာပေးဆိုင်းဘုတ်များ ထောင်ကာ မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းများကို ယခုထိလုပ်ဆောင်နေခြင်း ဖြစ်သည်။

၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလက ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ပြည်သူလူထုတို့ ပူးပေါင်း၍ ကချင်ဒေသအတွင်း မူးယစ်ဆေးဝါး ပညာပေးဟောပြောမှုများ လုပ်ဆောင်ရန် ဦးဆောင်ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ဧပြီလအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ပြည်သူလူထုနှင့်အတူ ပူးပေါင်းတိုက်ဖျက်သွားရန် ဆုံးဖြတ်ခဲ့ကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလလယ်မှ မတ်လဆန်းပိုင်းထိ ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝမ်းဒေသ တနိုင်းမြို့နယ်အတွင်းရှိ မူးယစ်ဆေးဝါး ဘိန်းခင်းဧက ၂,၀၀၀ ကျော်ကို ဖျက်ဆီးနိုင်ခဲ့သည်။