ရခိုင်တွင် ကမ်းရိုးတန်းသွား သင်္ဘောနစ်၍ ခရီးသည် ၁၀၀ကျော် ပျောက်ဆုံးနေ

ရခိုင်တွင် ကမ်းရိုးတန်းသွား သင်္ဘောနစ်၍ ခရီးသည် ၁၀၀ကျော် ပျောက်ဆုံးနေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်တွင် ကမ်းရိုးတန်းသွား သင်္ဘောတစ်စီးနစ်မြုပ်ရာမှ ခရီးသည် အလောင်း ၂၃လောင်းကို ရှာဖွေ တွေ့ရှိထားပြီး လူပေါင်း ၁၀၀ကျော် ပျောက်ဆုံးနေကြောင်း မြေပုံ ဒေသခံ ကိုမောင်မောင်က နိရဥ္စရာသို့ ပြောသည်။

“အခု နောက်ဆုံးရတဲ့ သတင်းအရ အလောင်း ၂၃လောင်း ရရှိပြီ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကယ်ဆယ်လို့ ရတာက လူပေါင်း ၁၇၅ယောက် ရှိတယ်လို့ သိရပါတယ်။ သင်္ဘောပေါ်မှာ လူပေါင်း ၄၀၀ ကျော်ပါလာတယ်လို့ သိရပါတယ်” ဟု ပြောသည်။

Ship-in-Arakan

နစ်မြုပ်သွားသော သင်္ဘောမှာ အောင်တံခွန် (၃) သဘောင်္ဖြစ်ပြီး တောင်ကုတ်မြို့မှ စစ်တွေသို့ ထွက်ခွာလာရာတွင် နောင်တော်ကြီး ပင်လယ်ကလိန် တောင်ဘက်ခြမ်းတွင် မတ်လ ၁၃ရက်နေ့ ညနေ ၈နာရီခွဲခန့်က နစ်မြုပ်သွားခဲ့သည်ဟု သိရသည်။

ယခု ဆယ်ယူရရှိသော အလောင်းများထဲတွင် အမျိုးသမီးများပြီး လက်ဝတ်လက်စားများ ပါ၀င်၍ မည်သူမှ အလောင်းများကို မကိုင်ရဲဘဲ ဖြစ်နေသည်ဟု သူက ဆက်ပြောသည်။

“လက်ရှိ ရတဲ့သတင်းအရ မြောက်ကြိမ်ပိုက်ဆိပ်နားမှာ မြုပ်တာပါ။ သင်္ဘောခန်းထဲမှာ ပိတ်ပြီး ပါသွားတဲ့ ခရီးသည်တွေကတော့ ရှာမတွေ့သေးဘူး။ သင်္ဘောကို ဖော်လို့ရမှ တွေ့နိုင်မယ်ထင်ပါတယ်” ဟု ကိုမောင်မောင်က ဆက်ပြောသည်။

မြေပုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက“ လူအများအပြား သေဆုံးတယ်ဆိုတာ သတင်း ရရှိပါတယ်။ ကြားရတာက ကျောင်းပိတ်လို့ ပြန်တဲ့ ဆရာ၊ ဆရာမတွေ သင်္ဘောနဲ့အတူ ပါလာတယ်လို့ သိရပါတယ်” ဟု ပြောသည်။

သင်္ဘောပေါ်တွင် ခရီးသည် ၄၀၀ ကျော်ပါလာပြီး ၀န်များကိုလည်း အဆမတန် တင်ဆောင်လာသည်ဟု ကြားသိရကြောင်း ဦးအောင်ဝင်းကဆိုသည်။

ယခု နစ်မြုပ်သွားသော အောင်တံခွန်သင်္ဘောမှာ ဟောင်းနွမ်းနေသော သင်္ဘောတစ်စီးဖြစ်ကြောင်း၊ ယင်းသင်္ဘောတွင် ကုန်ပစ္စည်း အဆမတန် တင်ရာမှ နစ်မြုပ်ခြင်း ဖြစ်ကြောင်း မြေပုံ ဒေသ ခံ  ဒေါ်မပုချေက ပြောသည်။

ယခုအခါ ပြည်နယ်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ အပါအဝင် ကျောက်ဖြူမြို့နယ် လူမှုအဖွဲ့အစည်းများမှ သင်္ဘောနစ်ရာ နေရာသို့ ရောက်ရှိနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

Most read this week